ဘာမင်ဂမ်နည်းပြရာထူးအတွက် လောင်းကြေးဖွင့်ရာတွင် သေဆုံးသွားသူကို ထည့်သွင်းခဲ့မိခြင်းကြောင့် Paddy Power တောင်းပန်ခဲ့ရ

အိုင်ယာလန်အခြေစိုက် လောင်းကစားကုမ္ပဏီ Paddy Power သည် ဘာမင်ဂမ်အသင်း၏နည်းပြရာထူးအတွက် လောင်းကြေးဖွင့်လှစ်ရာတွင် ဧပြီလက သေဆုံးသွားခဲ့သည့် အက်စတွန်ဗီလာနှင့် အင်္ဂလန်နောက်ခံလူဟောင်း အီဟိုဂူကို ထည့်သွင်းခဲ့မိကြောင်း သိရှိရသည်။

ဘာမင်ဂမ်အသင်းသည် စနေနေ့က ဟယ်ရီရက်နက်ပ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး နည်းပြလစ်လပ်သွားသည့်အတွက် Paddy Power က နည်းပြသစ်ဖြစ်လာနိုင်ခြေရှိသူများကို လောင်းကြေးဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖရန့်ဒီဘိုးဝါး၊ ဆမ်အလာဒိုက်စ်နှင့် လူးဝစ်ဖီဂိုတို့က ထိပ်ဆုံးတွင် ဦးဆောင်ခဲ့သည်။

အီဟိုဂူမှာ ၎င်းတို့၏နောက်တွင် (၆၆း၁)လေးဖြင့် ကြေးဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

သို့သော် အီဟိုဂူမှာ ဧပြီလက အသက်(၄၄)နှစ်အရွယ်တွင် လူငယ်အသင်းနည်းပြအဖြစ် ဆောင်ရွက်နေစဉ် ရုတ်တရက်သေဆုံးခဲ့သူဖြစ်သည့်အတွက် ဝေဖန်ပြစ်တင်မှုများစွာ ပေါ်ပေါက်ခဲ့သည်။

ထို့ကြောင့် Paddy Power အနေဖြင့် အီဟိုဂူ၏ မိသားစုကို တောင်းပန်စာပေးပို့ခဲ့ရသလို ယခုဖြစ်ရပ်မှာ နောက်ပြောင်ခြင်း လုံးဝမဟုတ်ဘဲ ရည်ရွယ်ချက်မရှိသည့် အမှားအယွင်းတစ်ခုသာဖြစ်ကြောင်းလည်း ဖြေရှင်းခဲ့သည်။

Paddy Power သည် ယင်းကဲ့သို့ မှားယွင်းခဲ့မှုကို မိနစ်ပိုင်းအတွင်း ပြန်လည်ပြင်ဆင်ခဲ့ကြောင်းလည်း သိရှိရသည်။

Leave a comment

Your email address will not be published. Required fields are marked *