အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် အူရာဝရတ်ဒိုင်းမွန်းအသင်း ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၀င်ခွင့်ရရှိ

၂၀၁၇ ရာသီ အာရှချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၅ ရက်က ဂျပန်ကလပ် အူရာဝရတ်ဒိုင်းမွန်းအသင်းနှင့် ဆော်ဒီအာရေဗျကလပ် အယ်လ်ဟီလာအသင်းတို့ ယှဉ်ပြိုင်ကစားရာ အိမ်ရှင်အူရာဝရတ်အသင်းက နောက်ကျဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း သိရသည်။

အယ်လ်ဟီလာအသင်း၏ကွင်း၌ ကစားခဲ့သည့် ပထမအကျော့ပွဲစဉ်တွင် တစ်ဂိုးစီသရေကျထားပြီး အူရာဝရတ်အသင်း၏ အိမ်ကွင်း၌ ပြန်လည်ကစားသည့် ဒုတိယအကျော့ ပွဲစဉ်တွင် အိမ်ရှင်အသင်းက (၁-၀)ဂိုးဖြင့် အနိုင်ရကာ နှစ်ကျော့ပေါင်းရလဒ် (၂-၁)ဂိုးဖြင့် ချန်ပီယံဆုဆွတ်ခူးရရှိခဲ့သည်။

အူရာဝရတ်အသင်း ချန်ပီယံဆုရရှိစေမည့် အဖိုးတန်အနိုင်ဂိုးကို ၈၈ မိနစ်တွင် ဘရာဇီးလ်ကွင်းလယ်လူ ရာဖေးလ်ဆေးလ်ဗားက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ အူရာဝရတ်အသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဒုတိယအကြိမ် ဗိုလ်စွဲခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်နောက်ပိုင်း ၁၀ နှစ်အကြာတွင် ချန်ပီယံဆုပြန်လည်ရရှိခဲ့သည်။

ထို့ပြင် အူရာဝရတ်အသင်းသည် ယခုပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သောကြောင့် ဒီဇင်ဘာလအတွင်း ယူအေအီးနိုင်ငံ၌ကျင်းပမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ အူရာဝရတ် အသင်းသည် ယင်းပြိုင်ပွဲ၌ ကွာတားဖိုင်နယ်အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အယ်လ်ဂျားဇီးယား – အော့ကလန်စီးတီးပွဲမှ အနိုင်ရမည့်အသင်းနှင့် ကစားရမည်ဖြစ်သည်။

 

Source : Eleven Sports

Leave a comment

Your email address will not be published. Required fields are marked *