ရန်ကုန်ယူနိုက်တက်အသင်းခေါင်းဆောင် ခင်မောင်လွင် ကစားသမားဘဝမှအနားယူ

မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းခေါင်းဆောင် ခင်မောင်လွင်သည် ကစားသမားဘဝမှ အနား ယူလိုက်ကြောင်း သိရသည်။

တရားဝင်ထုတ်ဖော်

ဝါရင့်နောက်ခံလူ ခင်မောင်လွင်သည် ဘောလုံးသမားဘဝမှအနား ယူရန် ပြီးခဲ့သည့် ရာသီကတည်းကစတင်၍ သတင်းများထွက်ပေါ် ခဲ့သော်လည်း ယခုနှစ်ဘောလုံးရာသီပြီးဆုံးမှသာ တရားဝင်ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။”ကျွန်တော့်အသက်က အခု (၃၄) နှစ် ရှိပါပြီ။ ဘောလုံးကစား သမားဘဝက အနားယူခဲ့တာ အသက်အရွယ်ကြောင့်မဟုတ်သလို ကြံ့ခိုင်မှုအနေအထားကြောင့်လည်း မဟုတ်ပါဘူး။ အနားယူမယ်လို့ အရင်နှစ်တွေကတည်းက စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ စဉ်းစားရင်းနဲ့ပဲ ဘောလုံးကိုချစ်တဲ့စိတ်ကြောင့် ဆက်ကစားဖြစ်ခဲ့တယ်။ ဒီနှစ်ရာသီ ပြီးမှသာ အနားယူမယ်လို့ ဆုံးဖြတ်ခဲ့တာပါ”ဟု ခင်မောင်လွင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

ဘောလုံးကစားသမားဘဝမှ အနားယူခဲ့သော်လည်း နည်းပြဘဝ ဖြင့် ဘောလုံးလောကတွင်ကျင်လည်ရန် ရည်မှန်းထားပြီး ရန်ကုန်ယူ နိုက်တက်အသင်းတာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းရဦးမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။”ရန်ကုန်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းက ဒီနှစ်ဒီဇင်ဘာလ အပြီးမှာ ကုန်ဆုံးမှာပါ။ ဘောလုံးကစားသမားဘဝက အနားယူမယ် လို့ဆုံးဖြတ်ခဲ့ပေမယ့် ရန်ကုန်ယူနိုက်တက်မှာ နည်းပြဘဝနဲ့ ဆက် လက်ရပ်တည်ဖို့တော့ ရည်မှန်းထားပါတယ်။ အသင်းတာဝန်ရှိသူ တွေနဲ့လည်း ဆွေးနွေးညှိနှိုင်းသွားမှာပါ”ဟု ပြောဆိုခဲ့သည်။ခင်မောင်လွင်သည် ၂ဝဝ၆ ခုနှစ်ကတည်းက အေအက်ဖ်စီ(စီ)လိုင်စင်အောင်မြင်ထားပြီးဖြစ်ကြောင်း သိရပြီး လာမည့်နှစ်ရာသီတွင် အေအက်ဖ်စီ(ဘီ)လိုင်စင်သင်တန်းတက်ရန် ပြင်ဆင်ထားကြောင်း လည်း သိရသည်။

ခင်မောင်လွင်သည် နေရှင်နယ်လိဂ်ပြိုင်ပွဲမစတင်မီ အပျော်တမ်း လိဂ်ပြိုင်ပွဲ၌ လယ်ယာ/ ဆည်းမြောင်းအသင်းတွင် ဘောလုံး သမားဘဝ စတင်ခဲ့ပြီး နေရှင်နယ်လိဂ်စတင်ချိန်တွင် ကမ္ဘောဇအသင်း၌ စတင် ကစားခဲ့ကာ ၂ဝ၁၁ ခုနှစ်တွင် ရန်ကုန်ယူနိုက်တက်သို့ ပြောင်းရွေ့ခဲ့ပြီး အသင်းနှင့်အတူ လိဂ်ချန်ပီယံဖလား လေးကြိမ်နှင့် ဗိုလ်ချုပ်အောင် ဆန်းဒိုင်း တစ်ကြိမ်ရယူနိုင်ခဲ့သည်။ ခင်မောင်လွင်သည် လက်ရွေးစင် ကစားသမားဘဝ၌ အောင်မြင်မှုအဖြစ် ၂ဝဝ၆ ခုနှစ် မာဒေးကား ဖလားရခဲ့ဖူးသည်။

Source : MMtimes

Leave a comment

Your email address will not be published. Required fields are marked *