ချယ်လ်ဆီးမှ ဆာလာထွက်ခွာခဲ့ရခြင်းအပေါ် ဟာဇက် ပြန်လည်သုံးသပ်

ချယ်လ်ဆီးအသင်း၏ တောင်ပံတိုက်စစ်ကစားသမား အေဒင်ဟာဇက်က လီဗာပူးလ်အသင်းတွင် ခြေစွမ်းပြကစားနေသည့် ဆာလာ အသင်းမှ ထွက်ခွာခဲ့ရခြင်းအတွက် ပြန်လည် သုံးသပ်ပြောဆိုမှုများပြုလုပ်ခဲ့သည်။ ဆာလာသည် ရိုးမားအသင်းမှ လီဗာပူးလ်အသင်းထံသို့ ပေါင်(၃၉)သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီးကတည်းက ခြေစွမ်းပြကစားနေသူဖြစ်ပြီး ယခုရာသီတွင် ကလပ်အသင်းအတွက် သွင်းဂိုး (၁၄)ဂိုး အထိ သွင်းယူထားနိုင်သူဖြစ်သည်။ ချယ်လ်ဆီးအသင်းနှင့် လီဗာပူးလ်အသင်းတို့သည် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အန်ဖီးလ်ကွင်းတွင် လာမည့်စနေနေ့တွင် ကစားရမည်ဖြစ်ရာ ယင်းပွဲမတိုင်မီတွင် ဟာဇက်က ဆာလာနှင့် ပတ်သက်ပြီး သုံးသပ်ပြောဆိုမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဟာဇက်က “ကျွန်တော်တို့အသင်းမှာ သူကံမကောင်းခဲ့ပါဘူး။ သူ့အတွက် ခြေစွမ်းပြခွင့်လည်း မရခဲ့ပါဘူး။ ဒါဟာ မန်နေဂျာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေ ကြောင့် နေရာမရတာလည်း ဖြစ်နိုင်ပါတယ်။ သူက အရည်အသွေးရှိတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမဲ့ အဲ့ဒီအချိန်က သူ့နေရာမှာ ၀ီလီယံနဲ့ အော်စကာတို့ ရှိနေတဲ့အတွက် သူ့အတွက် မလွယ်ကူပါဘူး။ ဒါပေမဲ့ သူက ထိပ်တန်းကစားသမားတစ်ယောက်ဆိုတာ သေချာပါတယ်။ လေ့ကျင့်ရေးကွင်းမှာ သူဘာမဆိုလုပ်နိုင်ပါတယ်။ တစ်ခါတလေ အသင်းမှာ ၀င်ကစားရတဲ့ အချိန်ပိုင်းလေးမှာတောင် သူဂိုးတွေသွင်းနိုင်ပါတယ်။ ဒါကြောင့် သူ့အရည်အသွေးကို ကျွန်တော်တို့ သိပါတယ်။ သူက ကျွန်တော့် သူငယ်ချင်းဖြစ်ပြီး အခုအချိန်အထိလည်း ကျွန်တော်တို့ အဆက်အသွယ်မပြတ်ကြပါဘူး။ ကျွန်တော်တို့ စကားတွေအများကြီးပြောဖြစ်ပါတယ်။ ဘ၀အကြောင်း၊ ဘောလုံးအကြောင်းတွေလည်း ပါပါတယ်။ ကျွန်တော် သူ့ကို ဖိအားပေးချင်ပါတယ်။ သူ့ကို ခြေစွမ်းပြချင်ပေမယ့် အရမ်းမကောင်းစေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ချင်လို့ပါ။ ပွဲပြီးရင်တော့ ၀တ်စုံချင်းလဲဖို့ ကျွန်တော်သေချာပေါက် ပြောရမှာပါ”ဟု ပြောကြားခဲ့သည်။

Leave a comment

Your email address will not be published. Required fields are marked *