ဂျူဗင်တပ်အတွက် ခက်ခဲနေဦးမှာလား

ခြေစွမ်းနှင့်ရလဒ်များအရ ဂျူဗင်တပ်သည် အကျဘက်သို့ အနည်းငယ် ‘ယိုင်’သွား

ဂျူဗင်တပ် – ခရိုတိုနီ၊ တနင်္ဂနွေ၊ နံနက် ၂း၁၅

မထင်မှတ်ဘဲ ဆမ်ဒိုးရီးယားကွင်း၌ ၃-၂ ဖြင့် အရေးနိမ့်သွားသောကြောင့် ဂျူဗင်တပ်သည် စီးရီးအေတွင် လက်ရှိချန်ပီယံဆုကို ဆက်ထိန်းနိုင်ရန် အနည်းနှင့်အများ ဖိအားဝင်သွားပြီး လာမည့်ပွဲစဉ်များတွင် အာရုံစူးစိုက်မှု ထပ်မံမြှင့်တင်ရတော့မည် ဖြစ်သည်။

၂ဝ၁၇-၁၈ ရာသီစီးရီးအေပြိုင်ပွဲသည်  လက်ရှိ ချန်ပီယံဂျူဗင်တပ်အတွက် (ယခင်နှစ်များထက်) ပို၍ခက်ခဲနေကြောင်း ရလဒ်နှင့်ရပ်တည်မှုတို့က မီးမောင်းထိုးပြနေသည်။

ပွဲစဉ် (၁၃) ပြီးဆုံးချိန်အထိ အမှတ်ပေးဇယားထိပ်ဆုံးသို့ တစ်ကြိမ်တခါမျှ မရောက်နိုင်သေးသော ဂျူဗင်တပ်သည် အိမ်ကွင်း၌ လာဇီယိုကို ၂-၁၊ အဝေးကွင်း၌ ဆမ်ဒိုးရီးယားကို ၃-၂ ဖြင့် နှစ်ပွဲအရေးနိမ့်သွားပြီဖြစ်သည်။ တစ်ဖက်တွင် ထိပ်ဆုံးနှစ်သင်းဖြစ်သော နာပိုလီနှင့်အင်တာမီလန်တို့သည် ရှုံးပွဲလုံးဝ မရှိသေးသောကြောင့် ၎င်းတို့နှင့် နှိုင်းယှဉ်လိုက်ပါက ဂျူဗင်တပ်သည် လက်ရှိချန်ပီယံသရဖူ ကာကွယ်နိုင်ရန် ယခုထက်ပို၍ ကြိုးစားရတော့မည်ဖြစ်သည်။

နိုဝင်ဘာလအတွင်း ကစားခဲ့သောပွဲစဉ်များ၌ ထွက်ပေါ်ခဲ့သော ခြေစွမ်းနှင့်ရလဒ်များအရ ဂျူဗင်တပ်သည် အကျဖက်သို့ အနည်းငယ် ‘ယိုင်’ သွားသည်။ တစ်ဘက်ကလည်း နည်းပြအယ်လီဂရီ၏ လူထုတ်ပုံ တည်ငြိမ်မှုမရှိခြင်း၊ လူသစ်များကိုနေရာပေးလိုခြင်းကြောင့် ကစားကွက်နှင့် အသင်းလိုက်နားလည်မှုပိုင်းကို အနည်းငယ်ထိခိုက်သွားစေခြင်းအစရှိသော အချက်များကို အထင်အရှားတွေ့မြင်ခဲ့ရသည်။

ဆမ်ဒိုးရီးယားကွင်း၌ ပူပူနွေးနွေး ၃-၂ ဖြင့် အရေးနိမ့်ခဲ့ရာတွင် ဂျူဗင်တပ်သည် လူအပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။ အထူးသဖြင့် တိုက်စစ်ပိုင်းတွင် အဓိက ခြေစွမ်းပြနေသော အာဂျင်တီးနားလူငယ်တိုက်စစ်မှူးဒိုင်ဘာလာကို ပွဲထွက်ကစားသမားအဖြစ် ထည့်သွင်းခြင်းမရှိဘဲ ‘ချို’ကစားခဲ့ကာ တစ်ဖက်အသင်းကို ရှုံးနေသောအခါတွင်မှ အသည်းအသန် လူစားထည့်သွင်းစေသော်လည်း ‘ဆေးမမီ’တော့ဘဲ ရှုံးနိမ့်သွားသည်။

ဆမ်ဒိုးရီးယားနှင့်ပွဲတွင် ဝါရင့်တိုက်စစ်မှူးဟီဂူအင်ကို မြားဦးတင်ပြီး ကူအာဒါဒို၊ မန်ဇူကစ်၊ ဘာနာဒက်စ်ချီတို့ဖြင့် ဝန်းရံကာ ၄-၂-၃-၁ ကစားကွက်ဖြင့် ပွဲထွက်သည်။ ကွင်းလယ်ဗဟိုတွင် အပြောင်းအလဲမရှိဘဲ ပီဂျာနစ်-ခီဒီရာအတွဲကို ထည့်သွင်းသလို ဗဟိုခံစစ်ကိုလည်း အပြောင်းအလဲမပြုလုပ်ခဲ့ပေ။ တောင်ပံခံစစ်နေရာကိုသာ အရန်လူများ ထည့်သွင်းခဲ့သည်။ သို့ရာတွင် ဂျူဗင်တပ်၏ တိုက်စစ်ဆင်ခြင်း၊ ကစားကွက်ပုံဖော်ခြင်းနှင့် အဓိကတိုက်စစ်မှူးဟီဂူအင်ကို ပံ့ပိုးမှုအစရှိသော အပိုင်းများတွင် သိသိသာသာအားပျော့သွားသည်။

အထူးသဖြင့် အီတလီလက်ရွေးစင် ဘာနာဒက်စ်ချီကို ကစားကွက်ဖန်တီးရှင် ဒိုင်ဘာလာနေရာ၌ ထည့်သွင်းလိုက်ခြင်းသည် ဂျူဗင်တပ်၏ ကစားကွက်ကို အားပျော့သွားစေကြောင်း အီတလီကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။ တစ်ဖက်ကလည်း ပြိုင်ဘက် ဆမ်ဒိုးရီးယားသည် မာကျောကျစ်လျစ်ပြီး Giant-killer ဖြစ်သောကြောင့် မာမာကြမ်းကြမ်းနှင့် တန်ပြန်တိုက်စစ်ကို ထိရောက်စွာ ကစားသောအခါ ဂျူဗင်တပ် ပျာယာခတ်သွားသည်။

တစ်ဖက်တွင် ခရိုတိုနီသည် ဖီအိုရင်တီးနားကို ၂-၁၊ ဘိုလော့နာကို ၃-၂ ဖြင့် ဆက်တိုက်နိုင်ပြီးနောက် ပြီးခဲ့သောပွဲ၌ အိမ်ကွင်းမှာပင် ဂျီနိုအာကို ၁−ဝ ဖြင့် ရှုံးနိမ့်ခဲ့ရာ ခြေစွမ်းမတည်ဘဲ တစ်ပွဲထိုးအသင်းဖြစ်ကြောင်း ပေါ်လွင်သွားသည်။

ခရိုတိုနီသည် ထိပ်တန်းအသင်းများ၊ တိုက်စစ်ကောင်းသော အသင်းများကို ရင်ဆိုင်ရာတွင် အရေးမလှဘဲ ကစားကွက်ဖရိုဖရဲဖြစ်ခဲ့ကြောင်း တွေ့ရသည်။ အထူးသဖြင့် ဆမ်ဒိုးရီးယားကို ငါးဂိုးပြတ် အရေးနိမ့်ခဲ့သောပွဲ၌ ခရိုတိုနီနောက်တန်း’ပွင့်’နေသည်ကို အထင်အရှား တွေ့မြင်ခဲ့ရသည်။

ခြုံကြည့်လျှင် ဂျူဗင်တပ်သည် ကြားရက်အတွင်း  ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အဓိကပြိုင်ဘက် ဘာစီလိုနာကို ရင်ဆိုင်ရမည်ဖြစ်သောကြောင့် ဖိအားနှင့် ပွဲပန်းဒဏ်ချက်များကို မဖြစ်မနေထည့်တွက်ရမည်ဖြစ်သည်။

သို့ရာတွင် အိမ်ရှင်အားသာချက်ရှိခြင်း၊ စီးရီးအေတွင် မဖြစ်မနေ နိုင်ပွဲရရှိရန် လိုအပ်နေခြင်း၊ ပြိုင်ဘက်ခရိုတိုနီသည် အားပျော့ခြင်း အစရှိသော အချက်များကြောင့် ယခုပွဲတွင် ဂျူဗင်တပ်သည် အနိုင်ကစားသွားမည်ဟု ယူဆရသည်။

Source : MMtimes

Leave a comment

Your email address will not be published. Required fields are marked *