ခြေပြန်တက်နေတဲ့ လီဗာပူးနဲ့ ချယ်လ်ဆီးတို့ အတွေ့

ဝက်စ်ဟမ်းက နည်းပြမိုယက်စ်နဲ့ ပြောင်းလဲခဲ့ပေမဲ့ ဝက်ဖို့ဒ်ကွင်းမှာတော့ မိုယက်စ်လည်း မတတ်နိုင်ခဲ့ပါဘူး။

ဝက်စ်ဟမ်း − လက်စတာ၊ စနေ နံနက် ၂း၃ဝ

ဝက်စ်ဟမ်းက နည်းပြမိုယက်စ်နဲ့ ပြောင်းလဲခဲ့ပေမဲ့ ဝက်ဖို့ဒ်ကွင်းမှာတော့ မိုယက်စ်လည်း မတတ်နိုင်ခဲ့ပါဘူး။ အခုအိမ်ကွင်းပရိသတ်ရှေ့မှာ မိုယက်စ် ထူးထူးခြားခြား လုပ်နိုင်ပါ့မလား။ လက်စတာက မန်စီးတီးကိုရှုံးခဲ့ပေမဲ့ လက်စတာတိုက်စစ်ဟာ ဝက်စ်ဟမ်းနောက်တန်းကို ဒုက္ခပေးနိုင်စွမ်းရှိနေပါတယ်။ နောက်ဆုံးပွဲတွေမှာ နှစ်သင်းစလုံးရှုံးထားတဲ့အတွက် နှစ်သင်းလုံး တိုက်စစ်ဦးစားပေးလာမယ့်ပွဲက လက်စတာ ဂိုးသွင်းနိုင်လို့ သရေနဲ့ပြီးနိုင်လို့ လက်စတာကို ကြိုက်ပါတယ်။

ခရစ္စတယ်ပဲလေ့စ် − စတုတ်၊ စနေ ည ၉း၃ဝ

ခရစ္စတယ်ပဲလေ့စ်ရဲ့ နှစ်ပွဲဆက်အိမ်ကွင်းပွဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း အိမ်ကွင်းမှာ အဲဗာတန်နဲ့ကစားခဲ့ရပြီး သရေကျခဲ့ပါတယ်။ အခုလည်း အိမ်ကွင်းပွဲဖြစ်လို့ ပဲလေ့စ်ကစားအားတင်လာမယ့်ပွဲ ဖြစ်ပါတယ်။ စတုတ်ကလည်း အဝေးကွင်းနှစ်ပွဲဆက်ကစားရတာဖြစ်လို့ စတုတ်ခံစစ်ဟာ ကြံ့ခိုင်မှုပြည့်ဝမယ် မထင်ပါဘူး။ ပဲလေ့စ်တိုက်စစ်မှာ ဘန်တီကီပြန်ပါလာလို့ ဇာဟာ၊ တောင်ဆန်၊ ကာဘာယီ၊ မက်ကာသီတို့ အကောင်းဆုံးကစားလာနိုင်ပါတယ်။ စတုတ် ခံစစ်ကို သံသယဖြစ်မိလို့ အခုပွဲမှာတော့ ခရစ္စတယ်ပဲလေ့စ် နိုင်ပွဲရသွားပါလိမ့်မယ်။

နယူးကာဆယ် – ဝက်ဖို့ဒ်၊ စနေ ည ၉း၃ဝ

နယူးကာဆယ်ဟာ သုံးပွဲဆက်တိုက်ရှုံးပွဲတွေ့ထားပြီး တစ်ဂိုးသွင်းထားတဲ့အသင်းပါ၊ ကစားအားရှိတယ်ထင်ရပေမဲ့ တိုက်စစ်ပိုင်း အားနည်းနေတာတွေ့ရပါတယ်။ ဝက်ဖို့ဒ်က သုံးပွဲဆက်တိုက်ရှုံးပြီးတဲ့နောက် အဲဗာတန်ကိုပြန်ပြီးအနိုင်ရထားသလို တိုက်စစ်က ဂိုးသွင်းအား ကျမသွားတာတွေ့ရပါတယ်။ အခု နယူးကာဆယ်ကို ဝက်ဖို့ဒ်ဟာ ခံစစ်အားပြုရင်း တန်ပြန်ထိုးဖောက်နိုင်စွမ်းရှိတဲ့အတွက် နယူးကာဆယ် အခက်တွေ့ပါလိမ့်ဦးမယ်။ ဝက်ဖို့ဒ်ကို ရွေးသင့်ပါတယ်။

ဆွမ်ဆီး – ဘုန်းမောက်၊ စနေ ည ၉း၃ဝ

ဆွမ်ဆီးဟာ ငါးပွဲဆက်တိုက်ရှုံးထားပြီး နှစ်ဂိုးသာ သွင်းထားနိုင်တဲ့အသင်း ဖြစ်ပါတယ်။ ကစားကွက်ပါပျက်သွားပြီး စိတ်ဓာတ်လည်းကျဆင်းနေတာ တွေ့ရပါတယ်။ ဘုန်းမောက်ကတော့ နောက်ဆုံးနှစ်ပွဲ ဆက်တိုက်အနိုင်ရပြီး တန်းဆင်းဇုန်က လွတ်လာသလို ကစားသမားတွေလည်း စိတ်ဓာတ်တက်ကြွနေပါတယ်။ နှစ်သင်းစလုံးက လူငယ်ကစားသမားတွေနဲ့ကစားနေပြီး တိုက်စစ်ပိုင်းမှာ ဘုန်းမောက်က ဆွမ်ဆီးထက်ပိုကောင်းတာကြောင့် ဒီပွဲဟာ ဘုန်းမောက် သရေ ဒါမှမဟုတ်အနိုင် ကစားဦးမယ့်ပွဲ ဖြစ်ပါတယ်။

တော့တင်ဟမ် -ဝက်စ်ဘရွန်း၊ စနေ ည ၉း၃ဝ

တော့တင်ဟမ်ဟော့စပါးဟာ နောက်ဆုံးသုံးပွဲမှာ အာဆင်နယ်ကိုရှုံး၊ မန်ယူကို ရှုံးထားပြီး ပဲလေ့စ်ကိုသာ အနိုင်ရထားပါတယ်။ အဲဒီသုံးပွဲမှာ စပါးဟာ တစ်ဂိုးသာသွင်းနိုင်ပါတယ်။ ဝက်စ်ဘရွန်းကလည်း လေးပွဲဆက်တိုက် ရှုံးပွဲတွေ့ထားတဲ့အသင်းဖြစ်ပါတယ်။ ဝက်စ်ဘရွန်းအနေနဲ့ စပါးကိုလည်း နိုင်ဖို့မလွယ်ဘူးထင်စရာဖြစ်ပါတယ်။ စပါးကို ဝက်စ်ဘရွန်းရှုံးသွားနိုင်ပေမဲ့ စပါးဟာ ချန်ပီယံလိဂ် ကစားထားတဲ့အတွက် ပွဲပန်းမှုရှိနေတာကြောင့် ဒီပွဲမှာ စပါးရဲ့အနိုင်ဟာ မပြတ်သားနိုင်လို့ ဝက်စ်ဘရွန်းကို ရွေးရမယ့်ပွဲဖြစ်ပါတယ်။

မန်ယူ – ဘရိုက်တန်၊ စနေ ည ၉း၃ဝ

မန်ယူရဲ့နှစ်ပွဲဆက်တိုက် အိမ်ကွင်းကစားရခြင်းဖြစ်ပါတယ်။ မန်ယူဟာ တန်းတက် ဟက်ဒါးစ်ဖီးလ်ကို ရှုံးခဲ့လို့ ပြီးခဲ့တဲ့ပွဲစဉ်မှာ တန်းတက်နယူးကာဆယ်ကို ဖိဖိစီးစီးကစားသွားတာတွေ့ရပါတယ်။ အခုလည်း တန်းတက်ဘရိုက်တန်ကို မော်ရင်ဟိုဟာ ပေါ့ပေါ့ဆဆ ပြင်ဆင်ထားမှာ မဟုတ်ပါဘူး။ မန်ယူ လူပြန်စုံနေတဲ့အချက်က နယူးကာဆယ်နဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ အခုလည်း ဘရိုက်တန်ကို အနည်းဆုံး နှစ်ဂိုးပြတ်နဲ့ အနိုင်ရပါလိမ့်မယ်။

လီဗာပူး – ချယ်လ်ဆီး၊ တနင်္ဂနွေ နံနက် ဝဝးဝဝ

ဒီတစ်ပတ်ရဲ့ အကောင်းဆုံးပွဲစဉ်ပါ၊ နှစ်သင်းလုံးစရဲ့ ရစ်သမ်တွေမှန်နေကြပါတယ်။ လီဗာပူးဟာ ပရီမီယာလိဂ်မှာ နောက်ဆုံးသုံးပွဲဆက်တိုက် အနိုင်ရထားပြီး  ၁ဝ ဂိုးသွင်းကာ တစ်ဂိုးသာ အသွင်းခံထားရပါတယ်။ ချယ်ဆီးလည်း ငါးပွဲဆက်တိုက်အနိုင်ရထားတဲ့ အသင်းဖြစ်ပါတယ်။ ချယ်ဆီးဟာ ပြီးခဲ့တဲ့အပတ်က ဝက်စ်ဘရွန်းကွင်းမှာ ကစားခဲ့ပြီးတော့ ချန်ပီယံလိဂ်မှာလည်း အဝေးကွင်း ကစားခဲ့ရပါတယ်။ လီဗာပူးကအိမ်ကွင်း နှစ်ပွဲဆက်တိုက် ကစားရလို့အားသာချက်ရထားပါတယ်။ ပွဲပိုပန်းနေတဲ့ ချယ်လ်ဆီးအများဆုံးသရေသာ ကစားနိုင်ပါမယ်။ လီဗာပူးကို ကြိုက်ပါတယ်။

ဘန်လေ – အာဆင်နယ်၊ တနင်္ဂနွေ ည ၈းဝဝ

ဘန်လေကတော့ တော်တော်ကြီးကောင်းနေတဲ့အသင်း ဖြစ်နေပါတယ်။ အာဆင်နယ်နဲ့ အမှတ်တူ ၂၂ မှတ်ရထားပြီး အာဆင်နယ်က အဆင့် (၆)၊ ဘန်လေက (၇) ပါ၊ နောက်ဆုံး သုံးပွဲဆက်တိုက်အနိုင်ကစားထားပြီး ပေးဂိုးမရှိကစားထားပါတယ်။ ဘန်လေကစားအားကောင်းနေချိန်ဖြစ်လို့ အာဆင်နယ်ရုန်းကန်ရမယ့်ပွဲဖြစ်ပါတယ်။ သရေကျဖို့များပြီး အာဆင်နယ်နိုင်ရင် ဂိုးမပြတ်ပါဘူး။

ဆောက်သမ်တန် – အဲဗာတန်၊ တနင်္ဂနွေ ည ၈း၃ဝ

နှစ်သင်းစလုံး ခြေပျက်နေကြပါတယ်။ ဆောက်သမ်တန်ဟာ နောက်ဆုံးသုံးပွဲမှာ တစ်မှတ်သာရထားပြီး တစ်ဂိုးသာသွင်းထားနိုင်ပါတယ်။ အဲဗာတန်က နောက်ဆုံးနှစ်ပွဲမှာ လေးမှတ်ရထားပြီး ငါးဂိုးသွင်းကာ လေးဂိုးအသွင်းခံထားရပါတယ်။ အဲဗာတန်ဟာ အဝေးကွင်း နှစ်ပွဲဆက်တိုက် ကစားရလို့ ကြံံ့ခိုင်မှုအားနည်းမယ်ထင်ပါတယ်။ ဆောက်သမ်တန် နိုင်ပွဲပြန်တွေ့သွားပါလိမ့်မယ်။

ဟတ်ဒါးစ်ဖီးလ် – မန်စီးတီး၊ တနင်္ဂနွေ ည ၁၁း၃ဝ

ဟတ်ဒါးစ်ဖီးလ်က အိမ်ကွင်းမှာ မန်ယူကိုအနိုင်ကစားထားပါတယ်။ အခုမန်စီးတီးနဲ့တွေ့နေလို့  မထင်မှတ်တာ ထပ်မံလုပ်ပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မန်စီးတီးဟာ ပွဲတိုင်းကို ပေါ့ပေါ့ဆဆ မကစားဘဲ တစ်ချိန်လုံး ဂရုစိုက်ကစားနေပါတယ်။ ဟတ်ဒါးစ်ဖီးလ် ဂိုးမသွင်းနိုင်ပါဘူး။ မန်စီးတီး အနည်းဆုံး နှစ်ဂိုးသွင်းပါလိမ့်မယ်။ မန်စီးတီးကို ရွေးရမှာပါ။

Source : MMtimes

Leave a comment

Your email address will not be published. Required fields are marked *