ကမ္ဘာ့ဖလားပြိုင်ပွဲ မီဒီယာမူပိုင်ခွင့်ရောင်းချမှုနှင့်ပတ်သက်၍ PSG ဥက္ကဋ္ဌ စစ်ဆေးခံရ

ပင်သစ်ကလပ် PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင် ဖီသည် ကမ္ဘာ့ဖလားပြိုင်ပွဲများအတွက် မီဒီယာမူပိုင်ခွင့် ရောင်းချရာတွင် လာဘ်ပေးလာဘ်ယူပြုလုပ်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရကြောင်း သိရသည်။

အယ်လ်ခီလိုင်ဖီသည် ကာတာအခြေစိုက် BeIN မီဒီယာအုပ်စု၏ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ဆွစ်ဇာလန်အစိုးရ ရှေ့နေများက ၎င်းနှင့်အတူ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) အထွေထွေအတွင်းရေးမှူးဟောင်း ဂျရုန်းဗယ်လ်ကီအား ခြစားမှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။

ဆွစ်ဇာ လန်ရှေ့နေများက ဗယ်လ်ကီသည် ၂၀၁၈၊ ၂၀၂၂၊ ၂၀၂၆ နှင့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မီဒီယာမူပိုင်ခွင့် ရောင်းချရာတွင် စီးပွားရေးသမားတစ်ဦးထံမှ လာဘ်ငွေ ရယူခဲ့ကြောင်း စွပ်စွဲထားပြီး အယ်လ်ခီလိုင်ဖီအနေဖြင့် ၂၀၂၆ နှင့် ၂၀၃၀ ပြိုင်ပွဲအတွက် ဗယ်လ်ကီနှင့် လျှို့ဝှက် သဘောတူညီမှုများရယူခဲ့ကြောင်း သိရသည်။

ဆွစ်ဇာလန် ရှေ့နေများသည် အောက်တိုဘာ ၁၂ ရက်တွင် ပါရီမြို့ရှိ BeIN ရုပ်သံဌာနရုံးခန်းအား ၀င်ရောက်ရှာဖွေခဲ့သော်လည်း ယင်းကုမ္ပဏီကမူ စွပ်စွဲချက်အားလုံးကို ငြင်းဆန် ကြောင်း တုံ့ပြန်ကြေညာထားသည်။

Leave a comment

Your email address will not be published. Required fields are marked *