ရှမ်းနှင့် ရတနာပုံတို့ နိုင်ပွဲရခဲ့ပြီး ဂျီအက်ဖ်အေ တန်းဆင်းဇုန်မှလွတ်ခဲ့သည့် နေရှင်နယ်လိဂ်ပွဲစဉ် (၂ဝ)

မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၂ဝ)ကို အောက်တိုဘာ ၁၄ ရက်က စတင်ယှဉ်ပြိုင်ကစားခဲ့ရာ ဇယားထိပ်ဆုံးမှ ရှမ်းယူနိုက်တက်အသင်း နိုင်ပွဲပြန်ရခဲ့ပြီး လက်ရှိချန်ပီယံရတနာပုံအသင်းမှာ နောက်ဆုံး စက္ကန့်သွင်းဂိုးဖြင့် နိုင်ပွဲရယူနိုင်ခဲ့သလို ဂျီအက်ဖ် အေအသင်းသည်လည်း နိုင်ပွဲနှင့်အတူ တန်း ဆင်းဇုန်မှ ရုန်းထွက်နိုင်ခဲ့သည်။

ထပ်မံအရှုံးပေးခဲ့ရ

ရှမ်းအသင်းသည် ပွဲစဉ်(၁၉)တွင် ရန်ကုန် အသင်းနှင့်သရေကျခဲ့သဖြင့် နိုင်ပွဲပြန်ရရန် အဓိကယကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ သည်။ မကွေးအသင်းသည် ရှုံးထွက်ဒိုင်း ကွာတားဖိုင်နယ်တွင် ရှမ်းယူနိုက်တက်ကို ရှုံး နိမ့်ကာ လက်ရှိချန်ပီယံဘွဲ့ကို စွန့်လွတ်ခဲ့ရ၍ ရှုံးကြွေးဆပ်ရန် ကြိုးစားခဲ့သော်လည်း ပထမ ပိုင်းတွင်သွင်းယူခဲ့သည့် ရှမ်းနောက်ခံလူပက် ထရစ်၏ တစ်လုံးတည်းသောဂိုးဖြင့် ရှမ်း ယူနိုက်တက်ကို ထပ်မံအရှုံးပေးခဲ့ရသည်။ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ချင်းနှင့်ဧရာ ဝတီယူနိုက်တက်တို့ပွဲမှာ အကြိတ်အနယ်ရှိခဲ့ သော်လည်း ကစားသမားအင်အားပိုင်းတွင် အသာရခဲ့သည့် ဧရာဝတီယူနိုက်တက်ကပွဲကို စိုးမိုးကစားခဲ့ကာ ပွဲအပြီးတွင် သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

နောက်ကျအနိုင်ဂိုး

ပဲခူးမြို့ရှိ ဂရင်းရွိုင်ရယ်ကွင်း၌ ယှဉ်ပြိုင်ခဲ့ သည့် ဟံသာဝတီယူနိုက်တက်နှင့် ရတနာပုံ အသင်းတို့ပွဲမှာ အပြန်အလှန်သွင်းဂိုးများဖြင့် ကြည့်ကောင်းခဲ့သည်။ အိမ်ရှင်ဟံသာဝတီ ယူနိုက်တက်သည် အိမ်ကွင်း၌ ပထမဆုံးနိုင်ပွဲ ရယူရန် ကြိုးစားခဲ့သော်လည်း ပွဲပြီးခါနီးအထိ နှစ်ဂိုးစီသရေကျနေခဲ့သည်။ သရေရလဒ်ဖြင့် ပွဲပြီးဆုံးမည်ဟု ထင်မှတ်ခဲ့သော်လည်း ပွဲပြီးရန် စက္ကန့်ပိုင်းအလို၌ ရတနာပုံတိုက်စစ်မှူး ပက် ထရစ်၏ နောက်ကျအနိုင်ဂိုးကို ခွင့်ပြုခဲ့ရ၍ နစ်နာခဲ့ရသည်။

တန်းဆင်းဇုန်မှ လွတ်မြောက်

တန်းဆင်းဇုန်၌ ရပ်တည်လျက်ရှိသော ဂျီအက်ဖ်အေအသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ပွဲတွင် ဂျီအက်ဖ်အေတိုက်စစ်မှူး အီမန်နူရယ်၏ ဟက်ထရစ်ဂိုးနှင့်အတူ ပွဲအပြီး ၌ လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရကာ တန်းဆင်း ဇုန်မှ ဂျီအက်ဖ်အေအသင်း လွတ်မြောက်ခဲ့ သည်။ ဂျီအက်ဖ်အေအသင်းသည် ပထမပိုင်း ၌ပင် နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့၍ ဒုတိယပိုင်းတွင် ခံစစ်အသာ ပေးပုံစံဖြင့် ပွဲထွက်လာခဲ့သည်။ ရခိုင်ယူနိုက်တက်မှာ ချေပဂိုးများရရှိရန် ဖိအားပေးတိုက်စစ်ဆင် လာခဲ့သော်လည်း ဂျီအက်ဖ်အေအသင်းမှ ဂိုးများထပ်မံရရှိခဲ့သဖြင့် ရခိုင်ယူနိုက်တက်ကို ပွဲအပြီးတွင် လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ရခိုင်ယူနိုက်တက်ကို အနိုင်ရရှိခဲ့သည့် အတွက် ဂျီအက်ဖ်အေအသင်းသည် ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှ အဆင့် ၁ဝ ထိ တက်လှမ်းနိုင်ခဲ့ပြီး ရာသီကုန်တွင် တန်းဆင်းဇုန်မှလွတ်မြောက်ရန် အခြေအနေကောင်းသွားခဲ့သည်။

ဆက်လက်ဖိအားပေးနိုင်

နေရှင်နယ်လိဂ်ပွဲစဉ် (၂ဝ) နောက်ဆုံးပွဲစဉ် ဖြစ်သည့် ရန်ကုန်ယူနိုက်တက်နှင့် ဇွဲကပင် အသင်းတို့ပွဲကို အောက်တိုဘာ ၁၅ ရက်က YUSC  ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ရန်ကုန် ယူနိုက်တက်က လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့သည်။

ရန်ကုန်ယူနိုက်တက်သည်  အမှတ်ပေး ဇယားထိပ်ဆုံးမှ ရှမ်းယူနိုက်တက်ကိုဖိအားပေး နိုင်ရန်အတွက် ဇွဲကပင်နှင့်ပွဲကို သေချာပြင်ဆင် လာခဲ့သည်။ ရန်ကုန်ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို ခင်မောင်လွင်က ခေါင်းတိုက် သွင်းယူပေးခဲ့ပြီး ဒုတိယဂိုးကို ဆီဆာကပင်နယ် တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။ ရန်ကုန် အသင်းအတွက် တတိယဂိုးကို ဒေးဗစ်ထန်က သွင်းယူပေးခဲ့ကာ စတုတ္ထဂိုးကို ပွဲချိန် ၈၇ မိနစ်တွင် အီမာဆင်က သွင်းယူပေးခဲ့သည်။ ယခုပွဲအနိုင်ရရှိခဲ့ခြင်းကြောင့် ရန်ကုန်ယူနိုက် တက်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှ ရှမ်းယူ နိုက်တက်ကို ရမှတ်နှစ်မှတ်အကွာဖြင့် ဆက် လက်ဖိအားပေးနိုင်ခဲ့သည်။

Source: MMtimes

Leave a comment

Your email address will not be published. Required fields are marked *