ယနေ့ညနှင့် မနက်ဖြန်နံနက်ယှဉ်ပြိုင်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ကမ္ဘာ့ဖလားခြေစစ်ပွဲ (Play-Off) ပထမအကျော့ ပွဲစဉ်များ

■ ဆွီဒင် နှင့် အီတလီ (၁၁-၁၁-၂၀၁၇ နံနက် ၂း၁၅ နာရီ)
အီတလီအသင်းက ခြေစစ်ပွဲအုပ်စုအဆင့်မှာ စပိန်အသင်းနဲ့အတူကျခဲ့လို့သာ အုပ်စုဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရတာပါ။ ယူရိုပြိုင်ပွဲအပြီး ကစားတဲ့ပွဲတွေမှာ ပြင်သစ်နဲ့ စပိန်အသင်းကိုသာရှုံးပြီး ဂျာမနီ၊ စပိန်နဲ့ မက်ဆီဒိုးနီးယားကို သရေ၊ (၁၀)ပွဲအနိုင် ကစားခဲ့တဲ့ ရလဒ်ပိုင်းက အောင်မှတ်အဆင့်ထက် ကျော်လွန်ပါတယ်။ ၀ါရင့်နည်းပြ ဗန်ကျူရာလက်ထက်မှာ သိသိသာသာပြောင်း လဲသွားတာက အီတလီအသင်းရဲ့ကစားသမားပိုင်း တည်ငြိမ်မှုပါ။ ဘာလိုတယ်လီနောက်ပိုင်း တိုက်စစ်ပိုင်းအတွက်လည်း ခေါင်း ခဲစရာ မလိုတော့ဘူး။ အီမိုဘီလီ၊ ဘယ်လော့တီ၊ ဇာဇာတို့ (၃)ဦးအပြင် ဂတ်ဘီယာဒီနီ၊ အီဒါတို့လည်း အရံသင့်ရှိနေပါတယ်။ ဗ ဟိုနောက်ခံလူတွေနေရာတွေမှာ ချီလီနီ၊ ဘိုနူချီတို့ကို ပစ်ပယ်လို့မရသေးပေမယ့် Wing Backs တွေ စွမ်းဆောင်ရည်တက်လာ တာတော့ သတိပြုရမှာပါ။ 3 Backs၊ ဒါမှမဟုတ် 4 Backs ဘယ်လိုပုံစံပဲကစားကစား အီတလီအတွက် ပြဿနာမရှိပါဘူး။ ဆွီ ဒင်ကတော့ အီဘရာဟီမိုဗစ်ခေတ် One Man Team အနေအထားကနေ လွတ်မြောက်နိုင်ခဲ့ပြီ။ နာမည်ကြီးတွေ သိပ်မရှိပေမယ့် အသင်းကစားပုံက ကျစ်လျစ်မာကျောတယ်။ အိမ်ကွင်းမှာ ပြင်သစ်လိုအသင်းကိုတောင် အနိုင်ကစားနိုင်ခဲ့တာ ထည့်တွက်ရ မယ်။ ဆွီဒင် သရေမျှော်လင့်လို့ရတယ်။

■ ဆွီဒင် နှင့် အီတလီ ပွဲကြိုအချက်အလက်အချို့
ယခုပထမအကျော့ပွဲစဉ်ကို ဆိုလ်နာမြို့ရှိ Friends Arena တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ယခုပွဲကို တူရကီကွင်းလယ်ဒိုင်လူကြီး ဂျူနေချာကာက ကိုင်တွယ်မည်ဖြစ်သည်။
ဆွီဒင်အသင်းသည် အီတလီနှင့်ကစားသည့် အိမ်ကွင်း(၈)ပွဲတွင် (၁)ပွဲသာရှုံးပြီး (၄)ပွဲနိုင်၊ (၃)ပွဲသရေကျခဲ့သည်။
အီတလီအသင်းသည် ဆွီဒင်အသင်းနှင့် နောက်ဆုံးတွေ့ဆုံမှု(၅)ပွဲတွင် ရှုံးပွဲမရှိခဲ့ဘဲ (၄)ပွဲနိုင်၊ (၁)ပွဲသရေရလဒ် ရယူထားနိုင်ခဲ့သည်။

■ ဟွန်ဒူးရပ်စ် နှင့် သြစတြေးလျ (၁၁-၁၁-၂၀၁၇ နံနက် ၄း၃၀ နာရီ)
ဟွန်ဒူးရပ်စ်အသင်းမှာ ပြည်ပထွက်ကစားတဲ့ကစားသမား အတော်လေးနည်းသွားတယ်။ ဒါပေမဲ့ အိမ်ကွင်းမာကျောမှု အစဉ်အလာက သိပ်မပြောင်းလဲသေးပါဘူး။ အိမ်ကွင်းနောက်ဆုံး(၂)ပွဲမှာ အမေရိကန်ကိုသရေ၊ မက္ကဆီကိုအသင်းကို အနိုင်ကစားနိုင်ခဲ့တာတွေ့ရတယ်။ တစ်ဦးချင်းခြေစွမ်းချင်းယှဉ်ရင် ကာဟေးလ်၊ ကရုစ်၊ လက်ကီး၊ မွိုင်းတို့ပါဝင်တဲ့ သြစတြေးလျက ပိုသာပါတယ်။ ဒါပေမဲ့ အာရှဇုန်နောက်ဆုံးအဆင့်မှာ အဝေးကွင်းနိုင်ပွဲ (၁)ပွဲမှမရှိခဲ့တဲ့အထိ ရလဒ်ပိုင်းဆိုးရွားခဲ့ပါတယ်။ ဟွန်ဒူးရပ်စ် အနိုင်ကစားသွားဖို့များတယ်။

■ နယူးဇီလန် နှင့် ပီရူး (၁၁-၁၁-၂၀၁၇ နံနက် ၉း၃၀ နာရီ)
နယူးဇီလန်အသင်းမှာ ဘန်လေတိုက်စစ်မှူး ခရစ္စ၀ုဒ်က အတော်လေး အားကိုးရတယ်။ ဒါ့အပြင် ၀က်စ်ဟမ်းအသင်းက ၀င်စတန်ရိဒ်၊ အစ်ဝစ်ခ်ျအသင်းက တွမ်မီစမစ်တို့ကို အမာခံထားပြီး ခံစစ်ကို တည်ဆောက်ထားတာပါ။ ပီရူးအသင်းက အဝေးကွင်းအရိပ်ဆိုးတွေထဲကနေ လွတ်မြောက်လာနိုင်ခဲ့တယ်။ တောင်အမေရိကဇုန်ခြေစစ်ပွဲ အဝေးကွင်း(၆)ပွဲမှာ ချီလီတစ်သင်းတည်းကိုသာ အရေးနိမ့်ခဲ့တာပါ။ ဒါပေမဲ့ အဓိကတိုက်စစ်မှူး ဂွါရဲရိုး တားမြစ်ဆေးပြစ်ဒဏ်ကျခံထားရတာက အသင်းစိတ် ဓာတ်ပိုင်းကိုပါ ထိခိုက်လာနိုင်ပါတယ်။ အိမ်ရှင်ကို ကြိုက်တယ်။

■ အာဖရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ
■ တောင်အာဖရိက နှင့် ဆီနီဂေါ (၁၀-၁၁-၂၀၁၇ ည ၁၁း၃၀ နာရီ)
ရှုံးထားတဲ့ တောင်အာဖရိကနဲ့ပထမအကျော့ပွဲကို ပြန်ကစားခွင့်ရတာဟာ ဆီနီဂေါအတွက် မဟာအခွင့်အရေးပါပဲ။ စိတ်ဓာတ်ပိုင်းမှာလည်း တောင်အာဖရိက အကျ၊ ဆီနီဂေါက အတက်ဖြစ်သွားနိုင်တယ်။ နိုင်ရင်ခြေစစ်ပွဲအောင်မယ့် ဆီနီဂေါ မရှုံးတာသေချာပါတယ်။

■ အယ်လ်ဂျီးရီးယား နှင့် နိုင်ဂျီးရီးယား (၁၁-၁၁-၂၀၁၇ နံနက် ၂း၀၀ နာရီ)
အယ်လ်ဂျီးရီးယားအသင်း နောက်ဆုံးအဆင့်ခြေစစ်ပွဲမှာ ကစားသွားတဲ့ခြေစွမ်းက အတော်လေးစိတ်ပျက်စရာကောင်းပါတယ်။ အခုနောက်ဆုံးပွဲလည်း အိမ်ကွင်းမှာ သိက္ခာဆယ်ကစားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ မိုဆက်စ်ကလွဲလို့ လူစုံနီးပါးပါဝင်လာတဲ့ နိုင်ဂျီးရီးယား မရှုံးလောက်ဘူး။

 

Source : Eleven Sports

Leave a comment

Your email address will not be published. Required fields are marked *