Messi : : ဘောလုံးလောကကြီးက ကျွန်တော့အပေါ်တင်နေတဲ့ အကြွေးကို ဆပ်မယ်လို့ မျှော်လင့်ပါတယ်

Interview :     : ဘောလုံးလောကကြီးက ကျွန်တော့အပေါ်တင်နေတဲ့ အကြွေးကို ဆပ်မယ်လို့ မျှော်လင့်ပါတယ်

=====================================================

 

အာဂျင်တီးနားတို့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းပရာ ရုရှ မြေကို ချီတက်နိုင်ခဲ့ပါပီ ။ လပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ ခြေစစ်ပွဲ ခရီးစဉ်တစ်လျောက်မှာ ဘယ် အာဂျင်တီးနားကစားသမားကမှ လီယွန်နယ် မက်ဆီ လောက် ကြီးလေးတဲ့ ဖိအားတွေကို မထမ်းပိုခဲ့ရပါဘူး ။

 

နိုင်ငံအသင်းအတွက် ထိုက်တန်တဲ့ နေရာတစ်နေရာဖြစ်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဆီ ပို့ဆောင်ပေးအပြီးမှာတော့ မက်ဆီ ဟာ ဖီဖာ ရဲ့ အင်တာဗျုး ကို ဖြေဆိုခဲ့ပါတယ် ။ ဒီအင်တာဗျုးမှာ အာဂျင်တီးနားကို ကမ္ဘာ့ဖလားဆီ ခေါ်ဆောင်ပေးနိုင်ခဲ့တဲ့ နောက်ဆုံးခြေစစ်ပွဲစဉ်အကြောင်း ၊ အာဂျင်တီးနားအသင်းအပေါ် မက်ဆီ ရဲ့ အမြင်တွေ နဲ့ ဘောလုံးလောကကြီးက သူ့အပေါ် တင်ရှိနေတဲ့ အကြွေးတွေ အကြောင်းကို ပြောပြသွားခဲ့ပါတယ် ။

 

အာဂျင်တီးနား ဟာ ကမ္ဘာ့ဖလား အုပ်စု D မှာ အိုက်စလန် ၊ နိုက်ဂျီးရီးယား ၊ ခရိုအေးရှား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ် ။

 

Q :    : ရုရှပြိုင်ပွဲမစခင်မှာ အာဂျင်တီးနားရဲ့ အခြေအနေကို မေးပါရစေ ။ ဂျာမဏီ ၊ ဘရာဇီးတို့ရဲ့ အဆင့် အတန်းမျိုး အာဂျင်တီးနားမှာ ရှိတယ်လို့ ထင်မိပါသလား ?

မက်ဆီ ။     ။ ကျွန်တော်တို့ အခု ပိုပိုပြီး ကောင်းတဲ့ အသင်းဖြစ်လာပါပီ ။ လက်ရှိကို မပြောနိုင်ပေမယ့် ပြိုင်ပွဲ ကို ရောက်တဲ့အခါမှာတော့ ကျွန်တော်တို့ ပုံစံကောင်းရရှိနေမယ်ဆိုတာ အသေအချာပါပဲ ။ ကျွန်တော်တို့ ခြေစစ်ပွဲကို ကိုယ့်အဆင့်အတန်းနဲ့ မထိုက်တန် အောင် ရုန်းကန်ခဲ့ရပါတယ် ။ ဘာလို့လည်းဆိုတော့ ခြေစစ်ပွဲအစပိုင်းတုန်းက ဗင်နီဇွဲလား ၊ ပီရူးတို့လို လွယ်လွယ်နဲ့ အနိုင်ရနိုင်တဲ့ အသင်းတွေကို အနိုင်မကစားနိုင်ခဲ့လို့ပါပဲ ။ ဒီပွဲတွေကိုသာ နိုင်ခဲ့ရင် ကျွန်တော်တို့ ခြေစစ်ပွဲတစ်လျောက် အေးအေးဆေးဆေး ကစားသွားနိုင်မှာပါ ။

 

နည်းပြလည်း အပြောင်းအလဲဖြစ်ခဲ့ပြီး နည်းပြသစ် လက်အောက်မှာ ၄ ပွဲကစားခဲ့ပြီးပါပီ ။ အီကွေဒေါ နဲ့ ပွဲကလည်းပြီးသွားခဲ့ပါပီ ။ အခု ကျွန်တော်တို့ တဖြည်းဖြည်းချင်း တိုးတက်နေပါပီ ။

 

Q :    : ချီလီ အသင်း ခြေစစ်ပွဲ မအောင်ခဲ့တာနဲ့ ပတ်သက်လို့ အံ့အားသင့်မိရဲ့လားဗျ ?

မက်ဆီ ။     ။ အံ့သြမိတာပေါ့ ။ ကျွန်တော်မှ မဟုတ်ပါဘူး ။ လူတိုင်းလိုလိုပဲ ဖြစ်မှာပါ ။ ချီလီဟာ နောက်ဆုံး ကိုပါအမေရိကဖလား ၂ ကြိမ် ရဲ့ ချန်ပီယံပါ ။ သူတို့က ပြိုင်ပွဲတွေကို ဗိုလ်စွဲဖို့အတွက် ၀င်ပြိုင်ကြတဲ့အသင်းမျိုး ပါ ။ ကစားသမားကောင်းတွေရှိတဲ့ အသင်းကောင်းတစ်သင်းပါ ။ ဒါပေမယ့် သူတို့ အခု လက်ပြနှုတ်ဆက်ခဲ့ရ ပါတယ် ။ ဒါကဘာကိုပြောပြနေသလဲဆိုရင် တောင်အမေရိက စြေစ်ပွဲဇုံ ဟာ ဘယ်လောက်ခက်ခဲနေသလဲ ဆိုတာကိုပါ ။

ဘယ်သူကမှ ဘာကိုမှ လွယ်လွယ်ကူကူမပေးတော့ပါဘူး ။ ဘိုလီဗီးယား ၊ ဗင်နီဇွဲလား ၊ အီကွေဒေါ ၊ ကိုလံဘီယာ တို့ရဲ့ ကွင်းတွေကို သွားကစားရတာက အရမ်းကို ခက်ခဲတဲ့ ပွဲတွေဖြစ်လာခဲ့ပါပီ ။ အရင်တုန်းက လို ဘရာဇီးအသင်းတစ်သင်းတည်းလောက် မဟုတ်တော့ပါဘူး ။ အသင်းတွေကြားက ကွာခြားမှုတွေ ပိုကျဉ်းမြောင်းလာခဲ့ပြီး ကမ္ဘာ့ဖလားကို ရောက်ဖို့ဆိုတာ တော်တော် ခက်ခဲလာခဲ့ပါပီ ။

 

Q :     : ဘရာဇီး ကမ္ဘာ့ဖလားပွဲက ဒဏ်ရာ တွေရော ကျက်သွားပီလားဗျ ?

မက်ဆီ ။     ။ မကျက်သေးပါဘူးဗျာ ။ ဒီဒဏ်ရာတွေက ကျက်ရောကျက်ပါ့မလား ဆိုတာမသိပါဘူး ။ ထာဝရလည်းရှိရင် ရှိနေမှာပါ ။ ဒီလိုပါပဲလေ ။ ကျွန်တော်တို့တွေက ဒီလို ဒဏ်ရာတွေကြားမှာ ရှင်သန်နေကြရ တာပါ ။ ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ ကိုယ်ဘယ်လို အဆုံးသတ်ခဲ့တယ် ၊ ကိုယ်ဘာတွေ လုပ်ပြခဲ့တယ်ဆိုတာနဲ့ တိုင်းထွာပြီ ပျော်ရွှင်ရမလား ၊ ၀မ်းနည်းကြေကွဲရမလားဆိုတာကို အဆုံးအဖြတ်ပေးတဲ့ နေရာပါ ။ ဒီ ဒဏ်ရာက ကမ္ဘာ့ဖလားအကြောင်းရောက်တာနဲ့ ပြန်ပေါ်လာတော့တာပါပဲ ။ ( မက်ဆီ ၏ အာဂျင်တီးနား ဟာ ၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား ဖိုင်နယ် မှာ ဂျာမဏီအသင်းကို ၁ – ၀ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ် )

 

Q :    : ခင်ဗျား အသက် ၃၀ ရောာက်လာတော့ ဘယ်လိုမျိုး ခံစားမိလဲ ?

မက်ဆီ ။     ။ အမှန်အတိုင်းပြောမယ်ဗျ ။ ဒီအကြောင်းကို တစ်ခါမှ မတွေးမိပါဘူး ။ ဘာလို့လည်းဆိုတော့ ကျွန်တော် အခုထိ ဘောလုံးကွင်းထဲမှာရော ကွင်းပြင်မှာပါ နေထိုင်လို့ ကောင်းနေပြီး ပျော်ရွှင်နေလို့ပါပဲ ။ ဘောလုံးသမားတစ်ယောက် အနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ပါ ပျော်ရွှင်စိတ်ချမ်းသာနေပါတယ် ။ အခု ကျွန်တော်ဖြစ်တည်နေတဲ့ အနေအထားနဲ့ ပတ်သက်လို့ အရမ်းကို ကျေနပ် အားရမိပါတယ် ။

Q :    :  အရာအားလုံးက အချိန်နဲ့ အမျှပြောင်းလဲနေတယ်လေ ၊ ခင်ဗျားရဲ့ ဘောလုံးသမားဘ၀ကရော ဘယ်လိုမျိုးတွေ ပြောင်းလဲခဲ့သလဲဗျ ?

မက်ဆီ ။     ။ ဒါပေါ့ ။ ပြောင်းလဲတာတွေ ရှိပါတယ် ။ ခင်ဗျား အချိန်ကြာလာတာနဲ့ အမျှ အသက်တွေ ကြီးလာတယ် ၊ အသက်တွေကြီးလာတာနဲ့ အမျှ ပိုပြီး သိမြင်လာပြီး ပိုကောင်းတဲ့ သူဖြစ်လာတက်တာ သဘာဝ ပဲလေ ။ ကျွန်တော် ကွင်းထဲမှာ ကစားတာကြာလာတာနဲ့အမျှ လေ့လာစရာအသစ်တွေ သင်ယူနိုင်ခဲ့ပြီး ပိုကောင်းတဲ့ ကစားသမာတစ်ယောက် ဖြစ်လာစေခဲ့ပါတယ် ။

 

Q :     : အာဂျင်တီးနား ရဲ့ နောက်ဆုံးခြေစစ်ပွဲ ဖြစ်တဲ့ အီကွေဒေါ နဲ့ ပွဲကရော ခင်ဗျားဘ၀အတွက် ဘယ်လောက်အထိ အရေးပါတယ်လို့ သတ်မှတ်လို့ရမလဲ ?

မက်ဆီ ။     ။ ဒီပွဲဟာ အရမ်းကို အရေးကြီးတဲ့ ပွဲဖြစ်ခဲ့ပါတယ် ။ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ လွဲချော် တယ်ဆိုတာက တကယ်ကြီးမားတဲ့ ထိုးနှက်ချက်ပါ ။ ပထမဆုံး လက်ရွေးစင် အသင်းသားတစ်ယောက် အနေနဲ့ နိုင်ငံအသင်းနဲ့ အတူ ကျရှုံးတာဖြစ်သလို ဒုတိယအနေနဲ့ကတော့ ကျွန်တော့တစ်ကိုယ်တော် အဆင့်အတန်း အတွက် ကျရှုံးတာပါပဲ ။ ဒါ တကယ်သာဖြစ်လာခဲ့ရင် ကျွန်တော် လက်ခံနိုင်ပါ့မလားဆိုတာ မသေချာပါဘူး ။ အာဂျင်တီးနားက လူတွေအားလုံးလည်း တူတူပဲဖြစ်မှာပါ ။ ရုရှ သွားခွင့် လက်မှတ် ကို ဆုံးရှုံးရတာက နိုင်ငံကြီး နိမ့်ပါးသွားတာနဲ့ အတူတူလိုပါပဲ ။

ခြေစစ်ပွဲ နောက်ဆုံးပွဲမှာ ဟက်ထရစ် သွင်းယူပြီး အာဂျင်တီးနားကို ကမ္ဘာ့ဖလားဝင်ခွင့် ရယူပေးခဲ့သည့် မက်ဆီ

Q :     : ဒီပွဲ မှာ ခင်ဗျား အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တယ်နော် ၊ နောက်ဆက်ပြိးရော ဒီထက်ပိုပြီး ခြေစွမ်းပြ ရမယ်လို့ ခံယူထားမိသလား ?

မက်ဆီ ။    ။ ဒါတော့ ကျွန်တော် မသိပါဘူး ။ အာဂျင်တီးနားနဲ့အတူ တကယ်ကောင်းတဲ့ ပွဲအချို့ ကျွန်တော် ကစားခဲ့ဖူးပါတယ် ။ ကျွန်တော် သေချာပေါက်ပြောနိုင်တာ တစ်ခုကတော့ ဒီပွဲဟာ တကယ်အရေးပါခဲ့ပြီး ကျွန်တော့ဘ၀အတွက်လည်း မမေ့နိုင်စရာပွဲ တစ်ပွဲဖြစ်ခဲ့တယ်ဆိုတာပါပဲ ။

 

Q :     : အာဂျင်တီးနား အသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ပြီးတဲ့ နောက်မှာ ဘောလုံးလောကကြီးက မက်ဆီ အပေါ်ကို ကမ္ဘာ့ဖလားအကြွေးတင်သွားပီလို့ နည်းပြ ဆမ်ပါအိုလီ က ပြောခဲ့သေးတယ်နော် ၊ ဒါနဲ့ ပတ်သက်ပြီး ခင်ဗျား ဘယ်လိုမြင်သလဲဗျ ?

မက်ဆီ ။     ။ ဟုတ်ပါတယ် ။ သူပြောတာ ကျွန်တော် ကြားလိုက်ပါတယ် ။ သူ အဲ့စကားကို ကျွန်တော့ကို လည်း ပြောခဲ့ပါသေးတယ် ။ ကျွန်တော် ကတော့ ဘောလုံးလောကကြီးက အဲ့ အကြွေးကို ပြန်ဆပ်မယ်လို့ မျှော်လင့်မိပါတယ် ( ရယ်လျက် )

 

Q :     : ကမ္ဘာ့ဖလားပြိုင်ပွဲ အကြောင်းပြောရင်းနဲ့ ခင်ဗျားအတွက် ကျွန်တော်တို့ ပြင်ဆင် ထားတဲ့ မေးခွန်းလေး တစ်ခု ရှိတယ်ဗျ ။ ဒီစာကြောင်းလေးကို ပြည့်စုံသွားအောင် ဖြည့်ပေးပါလား ။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ မက်ဆီ ဟာ . . . . . . .

မက်ဆီ ။     ။ သေချာတာကတော့ ကျွန်တော့ကို အဖေ လို့ ခေါ်မယ့် တတိယ မြောက် လူသားလေး ရောက်လာမှာပါပဲ

 

Source : Sports Myanmar

Leave a comment

Your email address will not be published. Required fields are marked *