အီတလီလက်ရွေးစင်အသင်း (၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ)

လေ့ကျင့်ရေးကွင်းတွင် တွေ့ရသည့် အီတလီလက်ရွေးစင် ကစားသမားများ။ ဓာတ်ပုံ − အီးပီအေ

 

စီးရီးအေ ပွဲစဉ် (၁၂) တွင် အမှတ်ပေးဇယားထိပ်ဆုံးက နာပိုလီနှင့်အင်တာမီလန် နှစ်သင်းစလုံး မထင်မှတ်ဘဲ သရေကျခြင်းကြောင့် အမှတ်ကွာဟမှု ကျဉ်းမြောင်းသွားပြီး အလှည့်အပြောင်းနှင့်အတူ ပရိသတ်များ၏ စိတ်ဝင်စားမှု ဇာတ်ရှိန်မြင့်တက်သွားသည်။ ထိုအချိန်နှင့် တိုက်ဆိုင်စွာပင် ကမ္ဘာ့ဖလားခြေစစ်ပွဲများ တစ်ကျော့ပြန်လည် ဝင်ရောက်လာခြင်းကြောင့် ပရိသတ်များ၏ အာရုံသည် အီတလီလက်ရွေးစင်အသင်းဘက်သို့ ကြားဖြတ်ရောက်ရှိရဦးမည်ဖြစ်သည်။

ယခုတစ်ခေါက် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အီတလီအသင်းသည် ဆွီဒင်နှင့် သူ့မြေကိုယ့်မြေ play-off နှစ်ပွဲယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အရေးပါနေသည်။ ပထမအကျော့ပွဲစဉ်အဖြစ် နိုဝင်ဘာ ၁ဝ ရက်တွင် ဆွီဒင်မြေပေါ်၌ သွားရောက်ကစားရမည်ဖြစ်သည်။ ယင်းနောက် နှစ်ရက်သာခြားပြီး နိုဝင်ဘာ ၁၃ ရက်တွင် မီလန်မြို့ရှိ ဆန်စီရိုကွင်း၌ အီတလီအသင်းသည် ဆွီဒင်ကို ဧည့်ခံယှဉ်ပြိုင်ရမည်ဖြစ်သည်။

နှစ်ပွဲပေါင်းရလဒ်ဖြင့် အနိုင်ရရှိသောအသင်းသည် ရုရှနိုင်ငံတွင် ကျင်းပမည့် ၂ဝ၁၈ ကမ္ဘာ့ဖလားသို့ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်ပြီး အရေးနိမ့်သောအသင်းမှာ ကမ္ဘာ့ဖလားနှင့်လွဲချော်မည်ဖြစ်သည်။ သို့ကလိုကြောင့် အီတလီအသင်းအနေဖြင့် ဆွီဒင်နှင့် သူ့မြေကိုယ့်မြေ ယှဉ်ပြိုင်ရမည့် play-off ပွဲစဉ်များသည် လုံးဝ အတိမ်းအစောင်းမခံဘဲ စိတ်လှုပ်ရှားဖွယ် ဖြစ်နေသည်။

အကယ်စင်စစ် အီတလီအသင်းသည် ဥရောပဇုန်ခြေစစ်ပွဲတွင် အုပ်စုဗိုလ်စွဲကာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းမရှိသောကြောင့် ယခုကဲ့သို့ play-off ပွဲစဉ်များကို ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။

၂ဝ၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ (ဥရောပဇုန်) တွင် အီတလီအသင်းသည် အုပ်စု (ဆ) ၌ နာမည်ကျော် စပိန်၊ အယ်လ်ဘေးနီးယား၊ အစ္စရေး၊ မက်ဆီဒိုးနီးယား၊ လီချင်စတိန်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။ သူ့မြေကိုယ့်မြေ ၁၀ပွဲ ယှဉ်ပြိုင်ခဲ့ရာတွင် စပိန်အသင်းသည် ကိုးပွဲနိုင်၊ တစ်ပွဲသရေကျပြီး စုစုပေါင်း ၂၈ မှတ်ဖြင့် အုပ်စုဗိုုလ်စွဲကာ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်သွားသည်။

အီတလီအသင်းသည် ခုနစ်ပွဲနိုင်၊ နှစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခြင်းကြောင့် ၂၃ မှတ်ဖြင့် အုပ်စုဒုတိယသာရရှိပြီး play-off ရှုံးထွက်အဆင့်ကို ဆက်လက်ယှဉ်ပြိုင်ရသည်။

အုပ်စုခြေစစ်ပွဲတစ်လျှောက် အနေအထားကို ပြန်ပြောင်းသုံးသပ်ကြည့်လျှင် စပိန်နှင့်အီတလီတို့သည် အဓိကပြိုင်ဘက် ဖြစ်ခဲ့သည်။ ၎င်းတို့နှစ်သင်းယှဉ်ပြိုင်ရာ၌ ထွက်ပေါ်ခဲ့သော ရလဒ်များသည် အုပ်စုဗိုလ်စွဲရေးအတွက် အဆုံးအဖြတ်ပေးသွားသည်။

၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာ ၆ ရက်က အီတလီမြေပေါ်တွင် စပိန်နှင့်အီတလီတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ ယင်းပွဲစဉ်တွင် ထွက်ပေါ်ခဲ့သော ခြေစွမ်းနှင့်ရလဒ်အရ အီတလီသည် အုပ်စုဗိုလ်စွဲရန် ခက်ခဲသွားပြီး၊ လက်ကျန်ပွဲတိုင်းကို အတိမ်းအစောင်း မရှိရုံတင်မက သွင်းဂိုးအများအပြားဖြင့် အနိုင်ယူရန် မဖြစ်မနေလိုအပ်လာသည်။ သို့ကလိုကြောင့် စပိန်နှင့် သရေကျပြီးနောက်ပိုင်း အီတလီအသင်းသည် ပြိုင်ဘက်တိုင်းကို ဖိဖိစီးစီး အနိုင်ကစားရုံတင်မက ရသလောက် ဂိုးသွင်းယူခဲ့သည်။

သို့ရာတွင် ၂ဝ၁၇ ခုနှစ်၊ စက်တင်ဘာ ၃ ရက်၊ စပိန်မြေပေါ် ကစားခဲ့သောပွဲစဉ်၌ ၃-ဝ ဖြင့် ရှုံးနိမ့်သွားပြီးနောက် အီတလီအသင်း၏ အုပ်စုဗိုလ်စွဲရန် အခွင့်အလမ်း တစ်ခန်းရပ်သွားသည်။ ယင်းနောက်ပိုင်းတွင် အီတလီအသင်းသည် ရလဒ်ပေါ်တွင် အာရုံစိုက်ခြင်း မရှိတော့ဘဲ လူနှင့်ကစားကွက် စမ်းသပ်မှုဘက်သို့ ပိုမိုအားပြုခဲ့သည်။ သို့ကလိုကြောင့် မက်ဆီဒိုးနီးယားနှင့် ၁-၁ သရေကျပြီး အယ်ဘေးနီးယားကို ၁-ဝ ဖြင့် ပွတ်ကာသီကာနိုင်ခဲ့သည်။

ယခုတစ်ခေါက် ဆွီဒင်နှင့်ယှဉ်ပြိုင်မည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အီတလီနည်းပြ ဗန်တူရာသည် ကလပ်ပြိုင်ပွဲများ၌ ခြေစွမ်းပြနေသူများကို ခေါ်ယူအားဖြည့်ထားသည်။  ဂျော်ဂျင်ဟို (နာပိုလီ)၊ တောင်ပံခံစစ်သမား ဖလိုရန်ဇီ (ရိုးမား)၊ တောင်ပံတိုက်စစ်မှူး အဲလ်ရှော်ရေး (ရိုးမား)၊ လာလီဂါတွင် ခြေစွမ်းပြနေသော တိုက်စစ်မှူး ဆီမြွန်နီဇာဇာ (ဗလင်စီယာ) တို့ အီတလီအသင်းတွင် ပြန်လည်ပါဝင်လာသည်။

ထူးခြားသည်မှာ နည်းစနစ်ပိုင်းဆိုင်ရာ အကြောင်းပြချက်ဖြင့် အီတလီလက်ရွေးစင်အသင်းက အမြဲတစေ ချန်လှပ်ခြင်းခံရသူ နာပိုလီကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ယခုတစ်ခေါက်တွင် ခေါ်ယူခဲ့သည်။

နာပိုလီသည် စီးရီးအေ အမှတ်ပေးဇယားကို ဦးဆောင်ရာ၌ ဂျော်ဂျင်ဟိုသည် ပွဲထွက်ကစားသမားအဖြစ် စွမ်းဆောင်ရည် ကောင်းမွန်မြင့်မားနေခြင်းက အီတလီနည်းပြ ဗန်တူရာ၏စိတ်ကို ပြောင်းလဲသွားစေသည်။ တစ်ဖက်ကလည်း ဂျော်ဂျင်ဟိုကို ခေါ်ယူလိုက်ခြင်းကြောင့် အီတလီအနေနှင့် ၄-၂-၄ ကစားကွက်ကို ပြောင်းလဲကျင့်သုံးဖွယ်ရှိကြောင်း ကျွမ်းကျင်သူအချို့က ခန့်မှန်းထားသည်။

အီတလီအသင်း၏ နောက်ဆုံးခြေစစ်ပွဲ နှစ်ပွဲစလုံးကို လွဲချော်ခဲ့သော ပီအက်စ်ဂျီကွင်းလယ်ဖန်တီးရှင် မာကိုဗာရက်တီသည် ယခုတစ်ခေါက်တွင် ပြန်လည်ပါဝင်လာသောကြောင့် ကွင်းလယ်အင်အား တောင့်တင်းသွားသည်။

တစ်ဖန် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီး ရိုးမားအသင်းမှာ ခြေစွမ်းပြနေသော ဖလိုရန်ဇီကိုလည်း ခေါ်ယူထားသည်။ ဖလိုရန်ဇီသည် ညာတောင်ပံတွင် ခံစစ်၊ ကွင်းလယ်နှင့်တိုက်စစ် သုံးမျိုးစလုံး ထိရောက်ကျွမ်းကျင်စွာ ကစားနိုင်သည်။ တိုက်စစ်တွင်လည်း ကြိမ်ဖန်များစွာ လိုက်ပါပံ့ပိုးနိုင်သကဲ့သို့ ဘောလုံးပိတ်ဆို့ဖြတ်တောက်ခြင်း၊ အပေးအယူလုပ်ခြင်း ကောင်းမွန်တိကျသူ ဖြစ်သည်။ လက်ရှိတွင် ရိုးမားသည် ညာတောင်ပံ ကစားကွက် ကောင်းမွန်ပြီး ပွဲတိုင်းလိုလို right-flank ကို ‘စီး’မိနိုင်ခြင်းမှာ ဖလိုရန်ဇီ၏ ခြေစွမ်းကြောင့် ဖြစ်သည်။

အလားတူ အီတလီလက်ရွေးစင်အသင်းက လပေါင်းများစွာ ချန်လှပ်ထားခြင်းခံရသူ ရိုးမားတောင်ပံတိုက်စစ်မှူး အဲလ်ရှော်ရေးကိုလည်း ယခုတစ်ခေါက်ပြန်လည်ခေါ်ယူထားသည်။ အဲလ်ရှော်ရေးသည် ရိုးမားအတွက် စီးရီးအေနှင့်ချန်ပီယံလိဂ် ပွဲစဉ်များတွင် အံ့သြဖွယ်ကောင်းသော ဂိုးများကို သွင်းယူထားသည်။

တစ်ဖက်တွင် တိုရီနိုတိုက်စစ်မှူး အင်ဒရီယာဘယ်လော့တီကလည်း ကြံ့ခိုင်မှုမပြည့်ဝသေးသလို ပုံမှန်ခြေစွမ်းပြ ဂိုးသွင်းယူနိုင်ခြင်းမရှိသေးသောကြောင့် အီတလီနည်းပြ ဗန်တူရာသည် လာလီဂါတွင် ခြေစွမ်းပြနေသော တိုက်စစ်မှူး ဆီမြွန်နီဇာဇာကို ခေါ်ယူထားသည်။ ဆီမြွန်နီဇာဇာသည် လာလီဂါ ၁ဝ ပွဲတွင် ကိုးဂိုးသွင်းနိုင်သောကြောင့် လက်ရှိ အကောင်းဆုံးခြေစွမ်းကို ရရှိနေပြီး တစ်ပွဲပျှမ်းမျှ တစ်ဂိုးနှုန်းနီးပါးနေသည်။

ခြုံကြည့်လျှင် ယခုတစ်ခေါက် အီတလီအသင်း၌ ခေါ်ယူထားသူ အားလုံးနီးပါးသည် ကလပ်အသင်းပြိုင်ပွဲများတွင် အကောင်းဆုံးခြေစွမ်းပြနေသူများ ဖြစ်သည်။ သို့ရာတွင် ကျွမ်းကျင်သူများ ထောက်ပြလာသော အဓိကအချက်မှာ လက်ရှိအီတလီအသင်း ရင်ဆိုင်နေရသော ‘အဝါကတ်’ အနေအထား ဖြစ်သည်။

အီတလီနည်းပြ ဗန်တူရာ။ ဓာတ်ပုံ − အီးပီအေ

 

အဓိက ဘောလုံးသမားများဖြစ်သော ဗဟိုခံစစ်သမား ချီလီနီ (ဂျူဗင်တပ်)၊ ကွင်းလယ်လူ ပါယိုလို (လာဇီယို)၊ မာကိုဗာရက်တီ (ပီအက်စ်ဂျီ) နှင့် တိုက်စစ်မှူး အင်မိုဘီလီ (လာဇီယို) တို့သည် အဝါကတ် ‘ထိ’ထားကြသည်။ သို့ကလိုကြောင့် ပထမအကျော့ ဆွီဒင်မြေပေါ် ကစားသောပွဲတွင် အီတလီကစားသမားများ အဝါကတ် ထပ်မံပြသခံရမှာကို ထည့်သွင်းစဉ်းစားရတော့မည်ဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြသည်။

ဆွီဒင်သည် ကန်တင်ပြေး ပုံစံကိုအသုံးပြုပြီး ‘ပါဝါဂိမ်း’ကို ကျွမ်းကျင်ထိရောက်စွာ ကစားလာလျှင် အီတလီတို့ ရုန်းကန်ရဖွယ်ရှိသည်။ အထူးသဖြင့် ပထမ အကျော့တွင် အိမ်ရှင်အားသာချက်ကို အသုံးချကာ ကန်တင်ပြေးပုံစံကို စနစ်တကျ ကစားနိုင်သော ဆွီဒင်အသင်း၌ တစ်ဦးချင်းဘောလုံးကျွမ်းကျင်သူအချို့လည်း ပါဝင်နေခြင်းကြောင့် အီတလီအသင်း ‘အငိုက်’ မိသွားနိုင်သည်။ တစ်ဖန် ကစားကွက်အသာစီးမရဘဲ ခံစစ်ပိတ်ဆို့ဖြတ်တောက်ရင်း အဝါကတ်များထိမှာကိုလည်း အီတလီဘက်က စိုးရိမ်နေသည်။

ကမ္ဘာ့ဖလား အုပ်စုခြေစစ်ပွဲများတွင် ဆွီဒင်သည် နာမည်ကြီးများဖြစ်သော ပြင်သစ်၊ ဟော်လန်၊ ဘူဂေးရီးယားတို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ဟော်လန်အသင်းကို ကျော်ဖြတ်ကာ အုပ်စုဒုတိယ ရရှိခဲ့သောကြောင့် လျှော့တွက်လို့မရသောအသင်း ဖြစ်သည်။

စုစုပေါင်း ၁ဝ ပွဲကစားခဲ့ရာ၌ ခြောက်ပွဲနိုင်၊တစ်ပွဲသရေ၊ သုံးပွဲရှုံး၊ ၁၉ မှတ်ရရှိခဲ့သည်။ ထူးခြားသည်မှာ ဆွီဒင်သည် အုပ်စုကျပ်ထဲ ကျရောက်ခဲ့သည့်တိုင် စုစုပေါင်း ၂၆ ဂိုးသွင်းယူခဲ့သည်။ ယင်းအုပ်စုတွင် ဗိုလ်စွဲခဲ့သော ပြင်သစ်သည် ၁၈ ဂိုး၊ တတိယရခဲ့သော ဟော်လန်သည် ၂၁ ဂိုး သွင်းယူနိုင်ခြင်းကြောင့် ၎င်းတို့နှင့် နှိုင်းယှဉ်လိုက်ပါက ဆွီဒင်အသင်း၏ တိုက်စစ်နှင့် ဂိုးသွင်းနှုန်းမြင့်မားပုံမှာ ပေါ်လွင်နေသည်။

အထူးသဖြင့် အိမ်ကွင်းပွဲစဉ်များတွင် ဟော်လန် ကိုသာ ၁-၁ သရေကျသည်။ ကျန်လေးပွဲစလုံးနိုင်ခဲ့ရာ၌ ဆွီဒင်အသင်းသည် ၁၄ ဂိုးသွင်းယူပြီး ပြင်သစ်နှင့် ပွဲတွင် တစ်ဂိုးသာ ပြန်သွင်းခံရသောကြောင့် ယေဘုယျ အားဖြင့် အိမ်ကွင်း မာကျောကောင်းမွန်ပြီး ဂိုးသွင်းနှုန်း မြင့်မားသည်။

ခြုံကြည့်လျှင် အီတလီသည် ဆွီဒင်မြေပေါ်မှာ မရှုံးနိမ့်ရန် အထူးအာရုံစိုက်ရဖွယ်ရှိသည်။ အီတလီ နည်းပြ ဗန်တူရာသည် ဆွီဒင်မြေပေါ်တွင် ထွက်လာသော ရလဒ်နှင့်အခြေအနေအပေါ် မူတည်ကာ ဒုတိယအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဆွီဒင်မြေပေါ်တွင် အီတလီတို့ သရေရလဒ်ထွက်ပေါ် အောင် ထိန်းကစားနိုင်မည်ဟု ယူဆမိပါသည်။

Source : MMtimes

Leave a comment

Your email address will not be published. Required fields are marked *