တိုက်စစ်မှူးအောင်သူကိုခေါ်ယူရန် တယ်ရိုဆာဆနာအသင်းပိုင်ရှင် ယနေ့ရောက်မည် အပြောင်းအရွှေ့ကိစ္စအတွက် အသင်းပိုင်ရှင်အချင်းချင်း ချိတ်ဆက်လုပ်ဆောင်လျက်ရှိ

ထိုင်းပရီးမီးယားလိဂ်ကလပ် ပူးလ်လစ် တယ်ရိုဆာဆနာအသင်းပိုင်ရှင်သည် မြန်မာ နေရှင်နယ်လိဂ်ကလပ်  ရတနာပုံအသင်း တိုက်စစ်မှူးအောင်သူကို ခေါ်ယူရန်အတွက် နိုဝင်ဘာ ၂၁ ရက်(ယနေ့)တွင် ရန်ကုန်မြို့သို့ လာရောက်ကာ ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းနှင့် တွေ့ဆုံညှိနှိုင်းမည် ဖြစ်ကြောင်း အသင်းအထွေထွေမန်နေဂျာ ဦးအောင်ဟိန်းခိုင်က ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းတိုက်စစ်မှူး အောင်သူသည် ၂ဝ၁၅ ယူ–၂ဝကမ္ဘာ့ဖလား  ပြိုင်ပွဲဝင် မြန်မာယူ–၁၉အသင်းနှင့်အတူ ထင်ရှား လာခဲ့ပြီးနောက် ပြည်ပကလပ်များမှခေါ်ယူ ရန် စိတ်ဝင်စားမှုများရှိခဲ့ရာ ယခုနှစ်တွင်ထိုင်း ကလပ် ပူးလ်လစ်တယ်ရိုဆာဆနာအသင်းက ပထမဆုံးအကြိမ် တရားဝင်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

”တယ်ရိုဆာဆနာအသင်းက တရားဝင်ကမ်းလှမ်းလာတာတော့မှန်ပါတယ်။ အသင်း ပိုင်ရှင်ကတော့ အောင်သူကို ပေးကစားဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အပြီးသတ်ဆုံးဖြတ်ချက် တော့ မချရသေးပါဘူး။ တယ်ရိုဆာဆနာအသင်း ပိုင်ရှင်နဲ့ ကျွန်တော်တို့အသင်းပိုင်ရှင်က ပုဂ္ဂိုလ် ရေးရင်းနှီးမှုတော့ရှိပါတယ်။ အသင်းပိုင်ရှင်အချင်းချင်းချိတ်ဆက်ပြီးတော ့လုပ်နေကြတာပါ။  နိုဝင်ဘာ ၂၁ ရက်(ယနေ့)မှာ တယ်ရိုဆာဆနာ အသင်း ပိုင်ရှင်ကိုယ်တိုင်လာရောက်ပြီး အောင်သူကို ခေါ်ယူဖို့အတွက် ညှိနှိုင်းဆွေးနွေး မှုတွေလုပ်ဖို့ ရှိပါတယ်။ နှစ်ဖက်သဘောတူညီ မှုရပြီးဆိုရင်တော့ အောင်သူကို အငှားသွား ရောက်ကစားဖို့  စာချုပ်ချုပ်သွားမှာပါ” ဟုဦးအောင်ဟိန်းခိုင်က ပြောဆိုခဲ့သည်။

ဘီအီးစီတယ်ရိုဆာဆနာအသင်းဟု ယခင် ကအမည်တွင်ခဲ့သည့် ပူးလ်လစ်တယ်ရိုဆာ ဆနာအသင်းသည် ယခုနှစ်ထိုင်းပရီးမီးယားလိဂ်တွင်ရုန်းကန်ခဲ့ရပြီး အမှတ်ပေးဇယား အဆင့်(၁၄)နေရာ၌သာ ရပ်တည်ခဲ့သည်။ ယင်းအသင်းသည် ထိုင်းပရီးမီယားလိဂ်ချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့ဖူးသလို ၂ဝဝ၃ ခုနှစ် အာရှချန်ပီယံ လိဂ်ပြိုင်ပွဲ၌လည်း အာရှအင်အားကြီးကလပ် များကိုဖြတ်ကျော်ကာ ဗိုလ်လုပွဲတက်ရောက် နိုင်ခဲ့ပြီး အီရန်ကလပ်အယ်လ်အာလီအသင်းကို ရှုံးနိမ့်ကာ ဒုတိယဆုရရှိခဲ့သည့်အသင်းဖြစ် သည်။

ဆန္ဒရှိနေ

ဆက်စပ်သတင်းများအရ ရတနာပုံအသင်း ပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းသည် ရတနာပုံ အသင်းကိုအနာဂတ်တွင် ပြည်တွင်းကစားသမား များဖြင့်သာ တည်ဆောက်သွားရန်ဆန္ဒရှိနေပြီး ပြီးခဲ့သည့်ရာသီက အသင်းကခေါ်ယူထားသည့် ပြည်ပကစားသမားများကို စာချုပ်သက်တမ်း တိုးမည်၊ မတိုးမည်မှာ မသေချာသေးကြောင်း သိရသည်။

Source: MMtimes

Leave a comment

Your email address will not be published. Required fields are marked *