မြန်မာနှင့် ကမ္ဘောဒီးယား ယနေ့ခြေစမ်းမည်

ကမ္ဘောဒီးယားနည်းပြချုပ် ပရပ်ခ်စိုဗန်နာရာနှင့် မြန်မာနည်းပြ ဂတ်ဆီဇီတို့ကို ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ ဓာတ်ပုံ

အာရှဖလားခြေစစ်ပွဲအတွက် ပြင်ဆင်လျက်ရှိသော မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘောဒီးယားအသင်းနှင့် ယနေ့ (နိုဝင်ဘာ ၉ ရက်) ညနေ ၆ နာရီတွင် ဖနွမ်းပင်မြို့၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည်။

ယင်းနှစ်သင်းစလုံးသည် အာရှဖလား ခြေစစ်ပွဲအတွက် ပြင်ဆင်နေကြသောအသင်းများဖြစ်သည်။ အာရှဖလား ခြေစစ်ပွဲစဉ်များအဖြစ် မြန်မာအသင်းသည် နိုဝင်ဘာ ၁၄ ရက်တွင် အိန္ဒိယအသင်းနှင့် အဝေးကွင်းပွဲစဉ် ကစားရမည်ဖြစ်ပြီး ကမ္ဘောဒီးယားအသင်းက ဂျော်ဒန်အသင်းနှင့် အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။

”အိန္ဒိယအသင်းနဲ့ အာရှဖလားခြေစစ်ပွဲမကစားခင် ဒီခြေစမ်းပွဲကို လာရောက်ကစားတာပါ။ ကမ္ဘောဒီးယားအသင်းရဲ့ ကစားပုံကို သဘောကျပါတယ်။ အရမ်းလည်း တိုးတက်လာတဲ့ အသင်းပါ။ နှစ်သင်းစလုံးက အာရှဖလားခြေစစ်ပွဲအတွက် ပြင်ဆင်နေကြတာဖြစ်လို့ မနက်ဖြန် ကစားမယ့်ပွဲက နှစ်သင်းစလုံးအတွက် အကျိုးရှိစေမှာပါ”ဟု နည်းပြဂတ်ဆီဇီက ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

မြန်မာအသင်းသည် ၂ဝ၁၉ အာရှဖလား ခြေစစ်ပွဲ သုံးပွဲကစားပြီးချိန်တွင် ရမှတ် လေးမှတ်သာရရှိထားခြင်းကြောင့် လာမည့်အိန္ဒိယအသင်းနှင့် ပွဲစဉ်တွင် မဖြစ်မနေ အနိုင်ရရှိရန် လိုအပ်သည်။ ပထမအကျော့အိမ်ကွင်းတွင် မြန်မာအသင်းက အိန္ဒိယကို ၁−ဝ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

မြန်မာအသင်းနှင့် ခြေစမ်းမည့် ကမ္ဘောဒီးယားအသင်းသည် အာရှဖလားခြေစစ်ပွဲ လေးပွဲကစားထားပြီး သုံးမှတ်ရရှိထားသည်။ ဂျော်ဒန်အသင်းနှင့် ပထမအကျော့ တွေ့ဆုံမှုတွင် ၇−ဝ ဖြင့် ဂိုးပြတ် ရှုံးနိမ့်ထားသည်။

”မြန်မာနဲ့ ခြေစမ်းပွဲမှာ ရလဒ်အတွက် အဓိက ကစားမှာမဟုတ်ဘဲ ဂျော်ဒန်နဲ့ ကစားရမယ့် အာရှဖလားခြေစစ်ပွဲအတွက် အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်နိုင်ဖို့ ကစားမှာပါ။ ဒီပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားသလို ကစားသမားတွေကလည်း အဆင့်သင့်ဖြစ်နေကြပါပြီ။ အနိုင်အရှုံးရလဒ်ကို မခန့်မှန်းနိုင်ပေမဲ့ ကျွန်တော်တို့ အကောင်းဆုံး ကစားသွားမှာပါ” ဟု ကမ္ဘောဒီးယားအသင်း၏ နည်းပြချုပ် ပရပ်ခ်စိုဗန်နာရာက ပြောသည်။

Source : MMtimes

Leave a comment

Your email address will not be published. Required fields are marked *