အိန္ဒိယနှင့်မြန်မာလက်ရွေးစင်အသင်းအာရှဖလားခြေစစ်ပွဲပြည်တွင်းရုပ်သံလိုင်းမှတိုက်ရိုက်ပြမည် အိန္ဒိယနှင့်ပွဲတွင်ရလဒ်ကောင်းရရန်ယုံကြည်ထားကြောင်းမြန်မာအသင်းနည်းပြမစ္စတာဂတ်ဖွင့်ဟ

အိန္ဒိယနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့၏ အာရှဖလားခြေစစ်ပွဲကို ပြည်တွင်းရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်  မီဒီယာဒါရိုက်တာ ဦးဇော် မင်းထိုက်က မြန်မာတိုင်းမ်နေ့စဉ်သို့ ထုတ်ဖော် ပြောဆိုခဲ့သည်။

မပြသနိုင်ခဲ့

အိန္ဒိယအသင်းနှင့်ယှဉ်ပြိုင်မည့် အာရှဖလား တတိယအဆင့် ခြေစစ်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် မြန်မာအသင်းသည် နိုဝင်ဘာ ၉ ရက်က ကမ္ဘောဒီးယားလက်ရွေးစင်အသင်းနှင့် ခြေစမ်းခဲ့ရာ ယင်းပွဲစဉ်ကို ပြည်တွင်းရုပ်သံ လိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်မပြသနိုင်ခဲ့ သော်လည်း အိန္ဒိယနှင့်ခြေစစ်ပွဲကို ပြည်တွင်း ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်သည်။”မြန်မာနှင့် အိန္ဒိယအသင်းတို့ရဲ့ပွဲကို MRTV ရုပ်သံလိုင်းကနေ ပြသသွားမှာပါ။ MRTV က မပြသနိုင်ရင်တောင် ဆက်စပ်ရုပ်သံ လိုင်းဖြစ်တဲ့MRTV Sport ရုပ်သံလိုင်းကနေ ပြသသွားမှာပါ။ ပြသမှာတော့ သေချာပါတယ်။ ပြိုင်ပွဲနားနီးရင်တော့ ဘယ်လိုင်းတွေက ပြသ မလဲဆိုတာ သတင်းထုတ်ပြန်ပေးမှာပါ” ဟု ဦးဇော်မင်းထိုက်က ပြောဆိုခဲ့သည်။

နိမ့်ထား

မြန်မာအသင်းသည် နိုဝင်ဘာ ၁၄ ရက် မြန်မာစံတော်ချိန် ည ၉နာရီတွင် အိန္ဒိယနိုင်ငံ ဂိုအာပြည်နယ် မာဂါအိုမြို့ရှိ ဂျာဝါဟာလာ နေရူးကွင်း၌ အိန္ဒိယလက်ရွေးစင်အသင်းနှင့် ခြေစစ်ပွဲကစားမည်ဖြစ်သည်။ မြန်မာအသင်း သည် ပထမအကျော့၌ အိန္ဒိယအသင်းကို အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုး ဂိုးမရှိ ဖြင့် ရှုံးနိမ့် ထားသည်။

ယုံကြည်ထား

မြန်မာ့လက်ရွေးစင်အသင်းသည် အာရှ ဖလား ခြေစစ်ပွဲအောင်ရန်အတွက် ယခုပွဲစဉ်မှာ အရေးပါလျက်ရှိပြီး အိန္ဒိယအသင်းနှင့်ပွဲတွင် ရလဒ်ကောင်းမည်ဟု မစ္စတာဂတ်က ယုံကြည် လျက်ရှိနေသည်။ ”ခြေစမ်းပွဲမှာ အနိုင်ရခဲ့တဲ့ ကမ္ဘောဒီးယားအသင်းဟာ ဒီနှစ်အတွင်းမှာ အရမ်းတိုးတက်လာတဲ့ အသင်းကောင်းတစ်သင်း ပါ။ ဒီအသင်းကိုအနိုင်ရခဲ့တဲ့အတွက် အိန္ဒိယနဲ့ ပွဲအတွက် ကစားသမားတွေကို ယုံကြည်ချက်ရှိ စေပါတယ်။ အိန္ဒိယနဲ့ပွဲမှာ ကျွန်တော်တို့ရလဒ် ကောင်းရမယ်လို့ ယုံကြည်ထားပါတယ်” ဟု ၎င်းက ပွဲကြိုသုံးသပ်ခဲ့သည်။

ပါဝင်နိုင်မည်မဟုတ်

မြန်မာအသင်းသည်ကမ္ဘောဒီးယား အသင်းကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော် လည်း ယင်းခြေစမ်းပွဲတွင် အကောင်းဆုံးပုံစံ ရရှိရန် ရုန်းကန်ခဲ့ရသည်။ အာရှဖလားခြေစစ် ပွဲတွင် ယှဉ်ပြိုင်ရမည့် အိန္ဒိယအသင်းမှာ ခြေစစ်ပွဲအောင်မြင်ထားပြီး မြန်မာအသင်းနှင့် ပွဲတွင် အဓိကကစားသမားအချို့ ပါဝင်နိုင်မည် မဟုတ်သော်လည်း ရလဒ်ကောင်းရရှိရန် ကြိုး စားမည်ဟု အိန္ဒိယအသင်းနည်းပြ စတီဖင်ကွန် စတန်တင်က ပြောဆိုထားခဲ့သည်။

Source: MMTimes

Leave a comment

Your email address will not be published. Required fields are marked *