ရီးယဲလ်နှင့် ပွဲ ၄၀၀ ပြည့်ပြီးနောက် သက်တမ်းထပ်တိုးရန် ဥက္ကဋ္ဌအပေါ် မူတည်ဟု စီရော်နယ်လ်ဒို ပြောကြား

 

ဒေါ့မွန်အသင်းနှင့်ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲတွင် ရီးယဲလ်ကစားသမားဘ၀ ပြိုင်ပွဲစုံ ပွဲ ၄၀၀ ပြည့်မြောက်ခဲ့သူ စီရော်နယ်လ်ဒိုက သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်၏ ဆုံးဖြတ်ချက်က အရေးပါကြောင်း ပြောကြားသည်။

အသက် ၃၂ နှစ်အရွယ်ရှိ စီရော်နယ်လ်ဒိုသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် တစ်ပတ်လစာ ပေါင် ၃၆၅၀၀၀ ဖြင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားပြီး ၂၀၂၁ ခုနှစ် ဇွန်အထိ သက်တမ်းရှိရာ စာချုပ်ကုန်ဆုံးချိန်တွင် ၎င်းင်း၏အသက်မှာ ၃၆ နှစ်ရှိနေပြီဖြစ်သည်။

 

သို့ဖြစ်ရာ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အစီအစဉ်ရှိ၊ မရှိ က မေးမြန်း ရာ ၎င်းက “စာချုပ်သစ်လား။ ဒါက ကောင်းမွန်တဲ့ မေးခွန်းပဲ။ ကျွန်တော်ဝမ်းသာပါတယ်။ ဒါပေမဲ့ ဒီလိုမေးခွန်းမျိုးကို ဥက္ကဋ္ဌကဖြေတာ အကောင်းဆုံးပါပဲ။ ကျွန်တော် လုပ်ဆောင်နိုင်ခဲ့တဲ့အရာတွေအတွက် ပျော်ရွှင်ပါတယ်”ဟု ဖြေကြားသည်။

စီရော်နယ်လ်ဒိုသည် ဒေါ့မွန်အသင်းနှင့်ပွဲ၌ အနိုင်ဂိုး နှစ်ဂိုးသွင်းယူခဲ့ပြီး ရီးယဲလ်ကစားသမားဘ၀ ကိုးရာသီအတွင်း ပွဲ ၄၀၀ ကစား ၄၁၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၁၁ ကြိမ်ပြုလုပ်ပေးထားသည်။

၎င်းသည် ပြီးခဲ့သည့်နွေရာသီတွင် အခွန်ရှောင်တိမ်းမှု စွပ်စွဲချက်ကြောင့် အသင်းနှင့် လမ်းခွဲရန်ဆုံးဖြတ်ထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဆက်ကစားခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဆု ထပ်မံရရှိရန် ရေပန်းစားနေသည်။

Leave a comment

Your email address will not be published. Required fields are marked *