၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ကာတာလက်ရွေးစင်အသင်း၏နည်းပြအဖြစ် ဆောင်ရွက်သွားနိုင်သည်ဟု ဇာဗီ ဆို

 

 

ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ဇာဗီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အိမ်ရှင်ကာတာလက်ရွေးစင်အသင်း၏ နည်းပြအဖြစ် ဆောင်ရွက်သွားနိုင်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ဇာဗီသည် ၂၀၁၅ ခုနှစ်က ဘာစီလိုနာအသင်းနှင့် လမ်းခွဲပြီးနောက် ကာတာကလပ် အယ်လ်ဆတ်အသင်းတွင် သွားရောက်ကစားနေသူဖြစ်သည်။

 

အသက်(၃၇)နှစ်ရှိပြီဖြစ်သည့် ဇာဗီသည် အယ်လ်ဆတ်အသင်းနှင့် ၂၀၁၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး ယင်းစာချုပ်တွင် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ သံတမန်တစ်ဦးအဖြစ် ဆောင်ရွက်ပေးရန်၊ နည်းပြဘ၀သို့ ကူးပြောင်းသွားရန်ဟူသည့်အချက်များ ပါဝင်ကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူက ဆိုခဲ့သည်။

ဇာဗီကိုယ်တိုင်ကလည်း ကစားသမားဘ၀မှ အနားယူပြီးပါက နည်းပြလောကသို့ ၀င်ရောက်သွားမည်ဖြစ်ပြီး တစ်ချိန်ချိန်တွင် ဘာစီလိုနာအသင်း၏နည်းပြအဖြစ် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့ဖူးသည်။

ယခုအခါ မီဒီယာများက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကာတာလက်ရွေးစင်နည်းပြအဖြစ် မြင်တွေ့ရနိုင်သလားဟု မေးမြန်းခဲ့ရာ ဇာဗီက “ဘာကြောင့် မဖြစ်နိုင်ရမှာလဲ။ ဒီမှာ လက်ရွေးစင်အသင်းရဲ့နည်းပြအဖြစ် ဆောင်ရွက်ရရင် ကျေနပ်စရာကောင်းလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် ဒီကို ရောက်နေတာကလည်း သူတို့ကို ပိုပြီးတိုးတက်အောင် ကူညီပေးဖို့၊ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကောင်းကောင်းယှဉ်ပြိုင်နိုင်အောင် ကူညီပေးဖို့ပါပဲ။ နည်းပြအဖြစ် ဆောင်ရွက်ဖို့ ကျွန်တော့်မှာ အတွေ့အကြုံတွေ၊ ကူညီပေးမယ့်သူတွေ လိုအပ်နေသေးပေမယ့် ကျွန်တော် ကာတာဘောလုံးလောကရဲ့အကြောင်း၊ ကာတာကစားသမားတွေရဲ့အကြောင်းကိုတော့ ကောင်းကောင်းသိနေပါပြီ။ ကစားသမားဘ၀ကို အဆုံးသတ်ပြီးတာနဲ့ နည်းပြအဖြစ် ကူးပြောင်းဖို့ကတော့ (၉၀%)သေချာပါတယ်” ဟု ပြောကြားခဲ့သည်။

Leave a comment

Your email address will not be published. Required fields are marked *