ဝမ်းချန်ပီယံရှစ် အမ်အမ်အေပြိုင်ပွဲတွင် မြန်မာလက်ဝှေ့သမားငါးဦး ဝင်ရောက်ယှဉ်ပြိုင်မည်

ဖယ်သာဝိတ်ချန်ပီယံဖိုးသော်။ ဓာတ်ပုံ – ဝမ်းချန်ပီယံရှစ်
လာမည့် နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည့် ဝမ်းချန်ပီယံရှစ် အမ်အမ်အေပြိုင်ပွဲကြီးတွင် မြန်မာ့ ရိုးရာလက်ဝှေ့သမားငါးဦး ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်ကြမည်။

ယင်းလက်ဝှေ့သမားငါးဦးသည် အမ်အမ်အေစည်းမျဉ်းအောက်တွင် ဝင်ရောက်ထိုးသတ်ကြမည်ဖြစ်သည်။ ပါဝင်သည့် ငါးဦးအနက် လေးဦးမှာအချင်းချင်း ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး သပြေညိုတစ်ဦးသာ နိုင်ငံခြားသားပြိုင်ဘက်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

တွဲဆိုင်းများအဖြစ် ဖိုးသော်နှင့် စောဘဦး၊ စောမင်းမင်းနှင့် ရဲသွေးနီ၊ သပြေညိုနှင့် ဘဂင်္လားဒေ့ရှ် ဖိုက်တာ အက်စ်ရာဖူ အစ်စလန်တို့ ရင်ဆိုင်ထိုးသတ်ကြမည်။

ပရိသတ်စိတ်ဝင်စားမှုရရှိထားသော ပွဲစဉ်မှာ ဖိုးသော်နှင့် စောဘဦးတို့၏ ပွဲစဉ်ဖြစ်သည်။ ဖိုးသော်သည် ရိုးရာလက်ဝှေ့သမားများအနက် အအောင်မြင်ဆုံးအမ်အမ်အေဖိုက်တာ ဖြစ်သည်။ မြန်မာပြည်အမ်အမ်အေ ဖယ်သာဝိတ် ချန်ပီယံဘွဲ့ကို ရရှိထားသူလည်း ဖြစ်သည်။ ပြိုင်ဘက်ဖြစ်သူ စောဘဦးသည် တောင်ကလေးကလပ်မှ ရိုးရာလက်ဝှေ့သမားတစ်ဦးဖြစ်ပြီး အမ်အမ်အေ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးသော အတွေ့အကြုံ ရှိသည်။

ရဲသွေးနီနှင့် စောမင်းမင်း တွဲဆိုင်းတွင် ရဲသွေးနီက ရိုးရာလက်ဝှေ့အတွေ့အကြုံမြင့်သူဖြစ်သည်။သို့သော် အမ်အမ်အေစည်းမျဉ်းဖြင့် ရင်ဆိုင်ရမည်ဖြစ်ရာ ယင်းပွဲစဉ်မှာလည်း စိတ်ဝင်စားစရာကောင်းနေသည်။

ဘင်္ဂလား ဒေ့ရှ်ဖိုက်တာ အက်စ်ရာဖူ အစ်စလန်နှင့်ရင်ဆိုင်ရမည့် သပြေညိုအတွက် ယခုပွဲစဉ်သည် နိုင်ငံခြားသားနှင့် ပထမဆုံးထိုးသတ်ရမည့် အမ်အမ်အေပွဲစဉ် ဖြစ်သည်။

‘Hero’s Dream’ ဟု အမည်ပေးထားသော ယင်းကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲကြီးတွင် အောင်လအင်န်ဆန်နှင့် အလိန်းနာဂါလာနီတို့ အဓိကစိန်ခေါ်ပွဲအဖြစ်ထိုးသတ်ကြမည်ဖြစ်ပြီး စုစုပေါင်းပွဲစဉ် ၁ဝ ပွဲအထိ ပါဝင်သည်။

Source: mmtimes

Leave a comment

Your email address will not be published. Required fields are marked *