ကမ္ဘာ့အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ မြန်မာစကိတ်အသင်း ဝင်ပြိုင်မည်

မြန်မာနိုင်ငံ စကိတ်ဝါသနာရှင်များအသင်းက စကိတ်ကစားသမားများသည် အောက်တိုဘာနှင့် နိုဝင်ဘာလများအတွင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်ပြိုင်ပွဲ အပါအဝင် နိုင်ငံတကာပြိုင်ပွဲနှစ်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်။

ကမ္ဘာ့အဆင့်သတ်မှတ်မည့် နိုင်ငံတကာစတားလွန်း စကိတ်ဖိတ်ခေါ်ပြိုင်ပွဲကို လာမည့်အောက်တိုဘာ ၂၇ ရက်မှ ၂၉ ရက်အထိ တရုတ်နိုင်ငံတွင် ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စတားလွန်းကမ္ဘာ့အဖွဲ့ချုပ်က နေရေးစားရေးစရိတ်နှင့် လေယာဉ်လက်မှတ်များကို ထောက်ပံ့ပေးပြီး ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

”ကျွန်တော်တို့ ကစားသမားတွေ နိုင်ငံတကာပြိုင်ပွဲနှစ်ခု ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိတယ်။ တစ်ခုက တရုတ်နိုင်ငံမှာကျင်းပမယ့် စတားလွန်းစကိတ်နှင့် စကိတ်မာရသွန်ပြိုင်ပွဲ။ ဒီပြိုင်ပွဲအတွက်ကမ္ဘာ့အဖွဲ့ချုပ်က ဖိတ်ခေါ်ခဲ့တာဖြစ်တယ်။ ကမ္ဘာအဆင့်သတ်မှတ်တဲ့ ပြိုင်ပွဲလည်းဖြစ်တယ်။ နောက်တစ်ခုကတော့ ကိုယ်စားရိတ်နဲ့ ကိုယ်သွားပြိုင်ရမှာ။ မလေးရှားမှာလုပ်မယ့် စကိတ်ပြိုင်ပွဲပါ”ဟု စကိတ်ဝါသနာရှင်များအသင်းဥက္ကဌဦးလွင်လတ်က မြန်မာတိုင်း(မ်) ကို ပြောသည်။

စတားလွန်းပြိုင်ပွဲ အမျိုးအစားနှစ်မျိုးနှင့် စကိတ်မာရသွန်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်စကိတ်ကစားသမားနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

နောက်ထပ်ပြိုင်ပွဲတစ်ခုမှာ နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ မလေးရှားနိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာ ဖိတ်ခေါ်စကိတ်ပြိုင်ပွဲဖြစ်သည်။ ယင်းပြိုင်ပွဲကို မြန်မာနိုင်ငံက Aggressive Inline Games နှင့် Skateboard Open  ပြိုင်ပွဲအမျိုးအစားများတွင် ကစားသမားခြောက်ဦးဖြင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

ယင်းပြိုင်ပွဲများသည် မြန်မာနိုင်ငံ စကိတ်ဝါသနာရှင်များအသင်း ယခုနှစ်အတွင်း ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကမ္ဘာ့ရိုးလ်ဘောပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

Source: MMtimes

 

Leave a comment

Your email address will not be published. Required fields are marked *