Bagan Fight မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ညောင်ဦး၌ ကျင်းပပြီးစီး

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာမီဒီယာ ဂရုဖ်က စီစဉ်ကျင်းပသည့် ညောင်ဦးရွှေစည်းခုံ ဘုရားပွဲတော်အထိမ်း အမှတ်အဖြစ် ကျင်းပသည့် Bagan Fight မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို နိုဝင်ဘာ ၃ ရက် (တန်ဆောင်းမုန်လပြည့်) ညနေ ၆ နာရီက ဘုရားဝတ္ထုကမြေ၌ ကျင်းပခဲ့သည်။

အဓိက ကူညီပံ့ပိုး

ရွှေစည်းခုံဘုရားပွဲ၌ ခုနစ်ကြိမ်မြောက် ကျင်းပခြင်းဖြစ်သော အဆိုပါ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို မြန်မာ့စီးပွားရေးဦးပိုင်လီမိ တက် က အဓိကကူညီပံ့ပိုးပေးထားပြီး သုံးချီပွဲ လေးပွဲ၊ လေးချီပွဲ သုံးပွဲ၊ ငါးချီပွဲ နှစ်ပွဲ၊ အမျိုးသမီး အထူးလေးချီပွဲတစ်ပွဲဖြင့် ကျင်းပခဲ့သည်။ သုံးချီပွဲများတွင် စည်တော်ဟိန်းက ကိုဖြိုးကို ဒုတိယအချီ ၃၈ စက္ကန့်၌ အနိုင်ရခဲ့ပြီး လူလေးက ရဲထွဋ်ကို ပထမအချီ၌ပင် အနိုင်ယူခဲ့သလို တုတိုင်းခကလည်း မင်းဟိန်းထွဋ်ကို ပထမအချီ၌ပင် အနိုင်ရခဲ့သည်။ စောနန်းအောင်နှင့် ရာဇာ ထွန်းတို့ပွဲမှာ သရေဖြင့် အဆုံးသတ်ခဲ့သည်။ လေးချီပွဲများတွင် သူရလိပ်နှင့်စိုးလင်းအောင်၊ ဇော်ချစ်အောင်နှင့် သားငယ်တို့ သရေပွဲများဖြစ်ခဲ့ပြီး စစ်မင်းက ကမ္ဘာမကြေကို စတုတ္ထ အချီ၌ အမှတ်စဉ်သုံးကြိမ် ရေတွက်စေပြီး အနိုင်ယူခဲ့သည်။

အလဲထိုးအနိုင်ရ

ငါးချီပွဲများတွင် သွေးသစ်မောင်က စိန်လုံးချောကို ဒုတိယအချီ ၁ မိနစ် ၂၆ စက္ကန့်၌ အနားတောင်းစေခဲ့ပြီး ၁ မိနစ် ၅၇ စက္ကန့်တွင် အလဲထိုးအနိုင်ယူခဲ့သည်။ ယင်းပွဲအပြီး၌ လမ်းမယူနှင့် နေရူဘီတို့ ထိုးသတ်ခဲ့ရာ ဒုတိယ အချီ ၅၈ စက္ကန့်၌ နေရူဘီအနားတောင်းခဲ့ ရပြီး တတိယအချီ ၁ မိနစ် ၂၂ စက္ကန့်တွင် လမ်းမယူက အလဲထိုး အနိုင်ရခဲ့သည်။အမျိုးသမီးပွဲစဉ်တွင် လင်းယုန်မေနှင့် ရွှေကိုလေးတို့ ပူးတွဲသရေ ဖြင့်ပြီးဆုံးခဲ့သည်။ ပွဲအပြီး၌ ရွှေစည်းခုံဂေါပကအဖွဲ့အတွင်းရေးမှူး ဦးဝင်းမောင်မြင့်၊ MTBF စီအီးအို ဦးမောင်ဝင်း၊ ဆရာမာဂျေနှင့် မစ္စတာနာကာမူရတို့က ဆုများပေးအပ်ချီးမြင့်ခဲ့ကြသည်။

Source: MMtimes

Leave a comment

Your email address will not be published. Required fields are marked *