‘ညီမ အားသာတဲ့လက်သီးနဲ့ အလဲထိုးအနိုင်ယူဖို့ ပြင်ဆင်ထားပါတယ်၊၊’

ဂျပန်နိုင်ငံမှာ တတိယအကြိမ် ကျင်းပမယ့် Lethwei Grand Prix Japan 2017 ပြိုင်ပွဲမှာ တွဲဆိုင်းခြောက်ဆိုင်း ပါဝင်ထိုးသတ်ကြမှာဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ အမျိုးသမီးတွဲဆိုင်း တစ်ဆိုင်းပါဝင်မှာဖြစ်ပြီး ရိုးရာ လက်ဝှေ့မယ် ဘရော်နီကာနဲ့ လစ်သူယေးနီးယားဖိုက်တာ ဂျူလီဂျာတို့ ထိုးသတ်ကြမှာပါ။ ရှမ်းပြည်နယ် ဖယ်ခုံမြို့ ကဖုရွာက ကယန်းတိုင်းရင်းသူတစ်ဦးဖြစ်တဲ့ ဘရော်နီကာဟာ ဘောက်ဆင်ကနေ လက်ဝှေ့လောကကို ပြောင်းလာတာသိပ်မကြာသေးပေမယ့် လက်စလက်နရှိတဲ့ လက်ဝှေ့မယ်တစ်ဦးဆိုတာပြီးခဲ့တဲ့ Lethwei in Japan 5 မှာ သက်သေပြခဲ့ပြီပါပြီ။ နိုဝင်ဘာ ၁၅ ရက်မှာ ကျင်းပမယ့်ပွဲအတွက် ဘရော်နီကာရဲ့ လေ့ကျင့်ပြင် ဆင်ထားပုံတွေကို သိလိုတာတွေရှိတာကြောင့် မြန်မာတိုင်းမ်နေ့စဉ်သတင်းထောက် ကျော်သူစိုးက သိမ်ဖြူလက်ဝှေ့အားကစားရုံမှာသွားရောက် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ် –

ဂျပန်နိုင်ငံမှာ လစ်သူယေးနီးယားဖိုက်တာနဲ့ ထိုးသတ်မယ့်ပွဲအတွက် ဘရော်နီကာ အဆင် သင့်ဖြစ်ပြီးလား။

အဲဒီပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုရော၊ ဆေးစစ်မှုပိုင်းတွေရော၊ စိတ်ပိုင်းဆိုင်ရာတွေက အစ အားလုံး အဆင်သင့်ဖြစ်နေပါပြီ။

လစ်သူယေးနီးယားဖိုက်တာနဲ့ ထိုးသတ်ရမယ် ဆိုတော့ သူ့ရဲ့ အားသာချက်၊ အားနည်း ချက်တွေကို လေ့လာပြီးပြီလား။

သူရဲ့ပွဲတွေကို လေ့လာထားပါတယ်။ သူက လက်သီးထိုးအားတော့ အတော်လေး ကောင်းတယ်။ အဲဒီအချက်ကိုတော့ အတော် လေး သတိထားရမယ်။ ခြေကန်ချက်တွေကတော့ ဒီလောက်ကြီးမဟုတ်ဘူး။ ကျန်တဲ့ဟာတွေကို တော့ အရမ်းကြီးစိုးရိမ်စရာမရှိပါဘူး။

ပြိုင်ဘက်ရဲ့အကြောင်းကို ဘယ်လိုနည်းတွေ နဲ့ လေ့လာဖြစ်ခဲ့လဲ။

သူရဲ့ ထိုးသတ်ပုံတွေကို youtube ကနေ ရော၊ facebook ကနေတစ်ဆင့် လေ့လာခဲ့ပါ တယ်။ သူရဲ့အားနည်းချက်က ဘာရှိမလဲ၊ အားသာချက်ကရော ဘာရှိမလဲပေါ့။ ခုနက ပြောထားတဲ့ အားသားချက်တွေအပြင် သူရဲ့ အားနည်းချက်တွေကိုလည်း သိထားပါတယ်။

ဒီပွဲအတွက် ပြင်ဆင်ချိန်လုံလောက်ရဲ့လား။

လုံလောက်မှုတော့ ရှိပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ပွဲကလောက် အားရကျေနပ်မှုမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ နေမကောင်းဖြစ်ခဲ့လို့ နှစ်ပတ်လောက် လေ့ကျင့်မှုနားလိုက်ရတယ်။ ခုတော့ အားအင်း အပြည့်နဲ့ လေ့ကျင့်နေနိုင် ပါပြီ။

ပထမတစ်ခေါက် ဂျပန်မှာ ထိုးသတ်တဲ့ပွဲမှာ ကိုယ့်ကိုကိုယ်ရောအားရကျေနပ်မှုရှိလား။

အဲဒီပွဲကတော့ ညီမရဲ့ ပထမဆုံးနိုင်ငံခြား သူနဲ့ထိုးသတ်တဲ့ပွဲဆိုတော့ သိပ်အဆင်မပြေဘူး။ကိုယ့်ကိုကိုယ်လည်း အားမရဘူး။ အဲဒီတုန်းက ဘောက်ဆင်ကနေ ရိုးရာလက်ဝှေ့ဘက်ကို ပြောင်းလာတာ သိပ်မကြာသေးသလို လေ့ကျင့် မှုကလည်းသိပ်မရှိသေးဘူး။ အတွေ့အကြုံ ကလည်းသိပ်မရှိသေးဘူး။ ဂျပန်နပန်းမယ်နဲ့ ထိုးတော့ သိပ်လည်းအမောမခံနိုင်သေးဘူးဖြစ် နေတယ်။ ပထမဆုံးပွဲဆိုတော့ စိတ်တိုင်းကျ မထိုးနိုင်လို့ ကိုယ့်ကိုကိုယ်လည်း မကျေနပ်ဘူး ဖြစ်နေတယ်။

လစ်သူယေးနီးယားဖိုက်တာနဲ့ ပွဲမှာ ရှေ့က အတွေ့အကြုံရှိခဲ့တော့ စိတ်တိုင်းကျထိုးသတ် နိုင်မယ်လို့ မျှော်လင့်ထားလား။

ဒုတိယပွဲအတွက်ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေပါပြီ။ ရှေ့ပွဲတုန်းကလောက် စိုးရိမ်စိတ်မရှိတော့ဘူး။ ပြိုင်ဘက်ကိုလည်း ရှိန်နေတားမျိုးမရှိတော့ပါဘူး။

ပထမအကြိမ် ဂျပန်ကိုသွားထိုးတာ ညီမရဲ့ ပထမဆုံးပြည်ပအတွေ့အကြုံခရီးလား။

နိုင်ငံတကာပြိုင်ပွဲအနေနဲ့ ပြောရရင်တော့ ဒုတိယအကြိမ်ပါ။ ပထမအကြိမ်တုန်းက ၂ဝ၁၅ စင်ကာပူဆီးဂိမ်းတုန်းက ဘောက်ဆင်နဲ့ သွားထိုးခဲ့ဖူးပါတယ်။ တတိယဆုရခဲ့ပါတယ်။

ပထမဆုံးအကြိမ် ဂျပန်မှာ သွားထိုးတော့ အခက်အခဲကြုံတွေ့ခဲ့ရတာတွေရှိလား။

ဂျပန်မှာအဓိကအခက်အခဲကတော့ အစား အသောက်ပါပဲ။ သူတို့ရဲ့ အစာအစားတွေကို မစားတတ်ဘူး။ ဂျပန်မှာတုန်းက နံနက်စာ တစ်ကြိမ်ပဲစားတယ်။ ဒီကဝယ်သွားတဲ့ မုန့်တွေ ကော်ဖီတွေနဲ့ပဲ နေ့လည်စာနဲ့ညစာကိုဖြစ်သလို စားလိုက်တယ်။ သူတို့ဆီက ထမင်းနဲ့ဟင်းကို တစ်ပွဲလောက်ဝယ်စားဖူးတယ်။ မစားတတ်ဘူး။ တစ်ရက်လုံးအီလည်လည်ကြီး ဖြစ်နေတယ်။ အစားအသောက်အခက်အခဲဖြစ်တော့ သိပ် အားမရှိဘူးဖြစ်ခဲ့တယ်။

ဒါဆို ဂျပန်နပန်းမယ်နဲ့ ထိုးသတ်တဲ့အချိန်မှာ ညီမ အားအင်မပြည့်ဘဲ ထိုးခဲ့ရတာပေါ့။

အစားအသောက် အခက်အခဲဖြစ်ခဲ့တော့ ညီမထိုးသတ်ရတာ အင်ပြည့်အားပြည့်သိပ် မထိုးသတ်နိုင်ခဲ့ဘူး။ အားပြည့်ထိုးဖို့ သူတို့ အစာစားရင်လည်း မစားနိုင်ဘူး။ အီလည် လည်ကြီးဖြစ်နေတယ်။ လူကလန်းလန်းဆန်း ဆန်းမရှိတော့ဘူး။

ဒုတိယအကြိမ်ဂျပန်မှာထိုးမယ့်ပွဲမှာ အခက် အခဲတွေမရှိအောင် ဘယ်လိုပြင်ဆင်သွားမလဲ။

ဒီကအားပြည့်စေမယ့် အစာအစားတွေ ပြည့်ပြည့်စုံစုံယူသွားမှရမှာပေါ့။ ပြီးတော့ဂျပန် မှာက အရမ်းအေးတယ်။ ပထမအကြိမ်သွား တုန်းက အနွေးထည်သိပ်မယူခဲ့ဘူး။ ဟိုလည်းရောက်ရော ရာသီဥတုအပြောင်းအလဲကြောင့် ပွဲမတိုင်ခင် ဖျားခဲ့သေးတယ်။ မထိုးနိုင်တော့ ဘူးလို့တောင် ကိုယ့်ကိုယ်ကိုယ်ထင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံသိက္ခာမကျအောင် ကြိုးစား ပြီးထိုးသတ်ခဲ့တယ်။ အရင်တစ်ခေါက်လိုမဖြစ် အောင် သေချာဂရုစိုက်မှဖြစ်မှာပါ။

လက်ဝှေ့သမားတိုင်းမှာ အားသာချက် ကိုယ်စီရှိတယ်။ ညီမရော ဘာတွေအားသာ ချက်ရှိလဲ။

ညီမက ဘောက်ဆင်ကလာတာဆိုတော့ လက်သီးထိုးတာကိုပိုပြီးအားသန်တယ်။ ခြေထောက်သုံးတာကိုတော့ သိပ်အားမရဘူး။စင်ပေါ်ကျရင်ထုတ်သုံးပေမယ့် ပြိုင်ဘက်ကို မထိမှာလည်း ကြောက်ရတယ်။ ကျင့်နေကျ မဟုတ်တော့ စိုးရိမ်စိတ်တော့ရှိတယ်။

လစ်သူယေးနီးယားဖိုက်တာနဲ့ပွဲမှာ ဘယ်တိုက် ကွက်နဲ့အလဲထိုးအနိုင်ယူဖို့ ပြင်ဆင်ထားလဲ။

လစ်သူယေးနီးယား ဖိုက်တာကလည်း ပညာစုံသုံးလာမှာပဲလေ။ ညီမလည်း ပညာစုံ ထုတ်သုံးသွားမှာပါ။ ညီမအားသာတဲ့ လက်သီး နဲ့အလဲထိုးအနိုင်ယူဖို့ ပြင်ဆင်ထားပါတယ်။

ညီမက ဘောက်ဆင်ကနေ ရိုးရာလက်ဝှေ့ကို ဘယ်လိုကြောင့် ပြောင်းခဲ့တာလဲ။

ဘောက်ဆင်ကိုစထိုးတာက ၂ဝ၁၂ခုနှစ်မှာ စထိုးခဲ့ပါတယ်။ လက်ဝှေ့ဘက်ကိုတော့ ဒီနှစ် ၆လပိုင်းမှ ပြောင်းခဲ့တာပါ။ ဘာကြောင့်ပြောင်း ခဲ့လဲဆိုတော့ ဘောက်ဆင်ကပွဲနည်းတယ်။ ရိုးရာလက်ဝှေ့မှာ အမျိုးသမီးလက်ဝှေ့မယ် လည်း နည်းတယ်။ စိတ်ဝင်စားမှုလည်းရှိတော့ ပထမဆုံးပွဲမှာ နိုင်နိုင်ရှုံးရှုံးဝင်ထိုးကြည့်လိုက် တယ်။ အားပေးမှုလည်းရခဲ့တော့ တောက် လျှောက် ထိုးဖြစ်ခဲ့တာပါ။

ညီမကိုအားပေးတဲ့ ပရိသတ်တွေအတွက် လက်ဆောင်စကားလေးပြောပေးပါဦး။

ဘယ်ပွဲပဲ ထိုးထိုးပါ။ ပရိသတ်ရဲ့ စကား တစ်ခွန်းကြောင့် အားရှိစေပါတယ်။ ဒါကြောင့် ညီမကို ဆက်လက်အားပေးကြပါ။ ဆုတောင်း ပေးကြပါ။  နိုင်ငံအတွက် လက်ဝှေ့သမား ကောင်းတစ်ဦးဖြစ်အောင် ကြိုးစားသွားမှာ ပါ။

Source: MMtimes

Leave a comment

Your email address will not be published. Required fields are marked *