တိုက်စစ်မှူးအောင်သူ ထိုင်း လိဂ်-၁ ကလပ်သို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိ

မြန်မာ့လက်ရွေးစင်အသင်းနှင့် ရတနာပုံအသင်း၏ တိုက်စစ်မှူး အောင်သူသည် ထိုင်း လိဂ်−၁ (ထိုင်းပရီမီယာလိဂ်) ကလပ် Police Tero အသင်းသို့ ပြောင်းရွှေ့ရန် တရားဝင် သဘောတူညီမှု ရရှိခဲ့သည်။

အောင်သူ၏ အပြောင်းအရွှေ့နှင့်ပတ်သက်၍ ရတနာပုံအသင်းနှင့် Police Tero  အသင်းတို့အကြား ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်တွင် သဘောတူညီမှု ရရှိခဲ့သည်။

အောင်သူသည် အငှားစာချုပ်ဖြင့် Police Tero အသင်းသို့ တစ်နှစ်သွားရောက်ကစားရန် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

အောင်သူမတိုင်ခင်က ကောင်းဆက်နိုင်၊ ရှိုင်းသူရ အစရှိသော ကစားသမားများသည် ထိုင်း လိဂ်−၂ ကလပ် ဆာမတ်ဆာခွန်အသင်းတွင် သွားရောက်ကစားခဲ့ဖူးသည်။ ထို့အတူ ကျော်ဇေယျာဝင်း၊ နန္ဒလင်းကျော်ချစ်၊ အောင်ကျော်နိုင် အစရှိသော ကစားသမားများသည်လည်း စင်ကာပူကလပ် Balestier Khalsa အသင်းတွင် ကစားခဲ့သည်။

ပြည်ပသို့ သွားရောက်ကစားသည့် မြန်မာကစားသမား အနည်းစုအနက်ရတနာပုံအသင်းနှင့် မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်သူ၏ အပြောင်းအရွှေ့သည် ပိုမိုလှုတ်ခပ်လျက်ရှိပြီး ပရိသတ်အများစု၏ စိတ်ဝင်စားမှုကို ရရှိနေခြင်းဖြစ်သည်။

မန္တလေး ဘောလုံးအကယ်ဒမီက ထွက်ပေါ်လာသော အောင်သူသည် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ယူ−၂ဝ အသင်းနှင့် ထင်ရှားလာသူဖြစ်သည်။ ယင်းအသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးသည် ရတနာပုံအသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်း၏ အဓိက ကစားသမားဖြစ်သည်။

အောင်သူ သွားရောက်ကစားမည့် Police Tero အသင်းသည် ယခင် BEC Tero Sasana အသင်းဖြစ်ပြီး ၂ဝ၁၈ ခုနှစ်ဘောလုံးရာသီတွင် Police Tero အမည်ကို ပြောင်းလဲ၍ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ Police Tero အသင်းသည် ၂ဝ၁၇ ခုနှစ် ဘောလုံးရာသီတွင် ပြိုင်ပွဲဝင် ၁၈ သင်းအနက် အဆင့် (၁၄) သာ ရရှိခဲ့သောအသင်းဖြစ်သည်။

လက်ရှိအချိန်တွင် ပြောင်းရွှေ့ရန် သဘောတူထားပြီးဖြစ်သော်လည်း အောင်သူ၏ လစာငွေအပါအဝင် အခြားအပြောင်းအရွှေ့ ကိစ္စရပ်များကို ညှိနှိုင်းနေဆဲဖြစ်သည်။ အောင်သူ၏ မိခင်ကလပ်ဖြစ်သော ရတနာပုံအသင်းက အခြားအချက်အလက်များကို ရက်ပိုင်းအတွင်းကြေညာပေးသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

Source : MMtimes

Leave a comment

Your email address will not be published. Required fields are marked *